Monday, May 31, 2010

ရွှေလက်များ စာမူခ

ကလေးမြို့ကနေ ရန်ကုန်မြို့ကို သွားရောက်လည်ပတ်တဲ့ ကလေးမြို့ ဆိုတဲ့ ကဗျာဆရာ တစ်ယောက်ဟာ ရန်ကုန်ရောက်တုန်းရောက်ခိုက် ကလေးသားကဗျာဆရာစစ်စစ်တွေရဲ့ စာမူခများစွာကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သူကိုယ်တိုင်ဂုဏ်ယူပြောဆိုချက်အရ သိရပါတယ်။ အဲဒီ ခံလိုက်ရတဲ့ကဗျာဆရာတွေထဲမှာ ရွှေလက်များက သူရ(ကလေး)နဲ့ သော်တာစံ(ကလေး)တို့ ပါဝင်ပါတယ်။
ကလေးမြို့ ကဗျာဆရာဟာ ကလေးက ကဗျာဆရာကြီးငယ်တို့ရဲ့ စာမူခ နှစ်သောင်းနီးပါးရယ်။ ပိတောက်ပွင့်သစ် မဂဇင်းက ရွှေလက်များကို လှူလိုက်တဲ့ စာအုပ်တွေရယ်၊ မန်းတလေးအိုက်ကွန်မဂဇင်းက ကဗျာဆရာတစ်ယောက်ကိုပေးလိုက်တဲ့ စာအုပ်တွေကို ကိုယ်ကျိုးအတွက်ပဲ အလွဲသုံးစားလုပ်တဲ့အကြောင်း သူကိုယ်တိုင်ပြောစကားအရသိရပါတယ်ခင်ဗျာ။
ကဗျာဆရာများ သက်တော်ရာကျော်ရှည်ပါစေ။

Sunday, May 30, 2010

ရွှေလက်များ သစ်ပင်

နေသာ၊ ကလေး-တောင်ညို၊ ရွှေလက်များ၊ နည်းပညာတကသိုလ်ကျောင်းသားများနဲ့ သစ်ပင်ချစ်သူများ ပူုးပေါင်းပြီး ဇွန်လ သစ်ပင်စိုက်ပွဲကို ပြုလုပ်မယ် သိရပါတယ်။ ကလေးမြို့ နည်းပညာတကသိုလ်ရဲ့ ဒီဘက်(ကလေးမြို့ဘက်ပိုင်း)မှာ အရိပ်ရသစ်ပင် နည်းပါးနေသေးတဲ့တွက် အရိပ်ရသစ်ပင် 700 ကျော်ကို စုပေါင်း စိုက်ပျိုးကြမယ့်အကြောင်းသိရပါတယ်။ 31-5-2010 ရက်နေ့မှာ ကျင်းတူးပြီး 5-6-2010 ရက်နေ့မှာ စိုက်ပျိုးကြမှာ ဖြစ်ပါတယ်။ သစ်ပင်ချစ်သူများကို ဖိတ်ခေါ်လိုက်ပါတယ်။

Thursday, May 20, 2010

ရွှေလက်များ စာပေ

ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့ ရန်ပုံငွေအတွက် ရွှေလက်များ စာပေကို ဇွန်လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။
သုတ ရသ စာအုပ်မျိုးစုံကို ထားရှိမည်ဖြစ်ပြီး စာပေမိတ်ဆွေအပေါင်းကို ဖိတ်ခေါ်လိုက်ပါသည်။
နေရာမှာ
ဘုရားကြီးလမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ ကလေးမြို့ ဖြစ်ပါတယ်။

Wednesday, May 5, 2010

ရွှေလက်များနဲ့ ကမ္ဘာ့ကဗျာနေ့

သူရ(ကလေး)
Tuesday, 04 May 2010 03:59

ကဗျာရွတ်ပွဲ ဆိုတာကို ခေါင်းစဉ်လောက်ပဲ ကြားဖူးရုံ လေးပေါ့။ အခုတော့ ၂၁.၃.၂၀၁၀ နေ့မှာ ကျွန်တော်တို့ ကလေးမြို့က ရွှေလက်များ လူငယ်စာပေ ပရဟိတ အဖွဲ့လေးက ဦးဆောင်လို့ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ပွဲ အခမ်းအနားလေး လုပ်ဖို့ စိတ်ကူး ရလာ ပါတယ်။ ကဗျာရွတ်ပွဲ ကျင်းပပေးဖို့ ကျွန်တော့်ကို အကြံဥာဏ် ပေးလာသူကတော့ လင်းဖွဲ့အိမ် ဆိုတဲ့ ကလေးမြို့ခံ ကဗျာဆရာ တစ်ယောက် ပါပဲ။ ဒါနဲ့ပဲ ရွှေလက်များက လူငယ်တွေ စည်းဝေး တိုင်ပင် ကြပါတော့တယ်။ ကဗျာရွတ်ပွဲ ကျင်းပတာတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့ တစ်တွေ ဘယ်နေရာမှာ ကျင်းပကြမလဲ။ ကဗျာရွတ်ပွဲ ကျင်းပဖို့ ခန်းမငှားတဲ့ နေရာတွေ လိုက်စုံစမ်းကြည့်တော့ ခန်းမ ငှားကြေး တွေက သိန်းကျော်တွေလေ။ ရွှေလက်များရဲ့ ရန်ပုံငွေက သောင်းဂဏန်း။ ဒါနဲ့ မဖြစ်သေးဘူး ဆိုပြီးSuper Coffee, KTM သောက်ရေသန့်၊ ကျန်းမာချမ်းသာ သောက်ရေသန့်၊ Bravo Coffee, ပွိုင့်ဆိုင်ကယ် အပိုပစ္စည်း Fuji Soap, Panasonic ဓာတ်ခဲ စတဲ့ လုပ်ငန်းရှင် တွေဆီ စပွန်ဆာလိုက် တောင်းကြည့်ကြရတော့တယ်။ ကျွန်တော်ရယ် မိုဃ်းဇက်သော်၊ လမင်းအို၊ မောင်မှိုင်းရီ(ဘူမိ)၊ ဖိုးမောင်(မြန်မာစာ) တို့နဲ့ပေါ့။ စက်ဘီးတွေ ကိုယ်စီနဲ့ တစ်နေရာဝင် တစ်နေရာထွက်လို့။ နေကပူပူ ချွေးက တရွှဲရွှဲ။ ဒါပေမယ့် ရွှေလက်များ လူငယ်တွေ မျက်နှာပေါ်မှာ မောရိပ်မထင် ပင်ပန်းရိပ်မမြင်၊ ဒီလိုနဲ့ အခမ်းအနား ဖြစ်မြောက်ရေး အကူစပွန်ဆာများ ရလို ရငြား ရှာလိုက်ရတာ ခန်းမ စပွန်ဆာတော့ မရပါ ဘူး။

တက်ရောက်လာမယ့် ဧည့်ပရိသတ်များ အတွက် ကော်ဖီတော့ တိုက်ပေးမယ်ဆိုပြီးSuper Coffee ဆီက အကူအညီ တစ်ခုတော့ ရခဲ့ပါတယ်။ နေရာရှားပါးမှုကို ခေါင်းခြောက်အောင် ရှာရပြန်ပါတော့တယ်။ အဖွဲ့ငွေနည်း လို့ပေါ့လေ။ ဒါပေမယ့် တကယ် လုပ်ချင်တဲ့ လူငယ်တွေအတွက် တကယ်ပေးမယ့် အခွင့်အရေးတွေက ရှိနေခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ ငယ်ဆရာလည်းဖြစ် ငယ်ငယ်က ရှင်သာမဏေလည်း ၀တ်ခဲ့တဲ့ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်များဆီမှ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားအတွက် ခန်းမ အဖြစ် ကျောင်းဓမ္မာရုံကြီးပေါ်မှာ လုပ်ခွင့်ပေးလိုက်ခြင်းပါပဲ။ ဆရာတော်များ ဖြစ်ကြတဲ့ ဦးပဏ္ဍ၀ံသ၊ ဦးနန္ဒ၀ံသ၊ ဦးဝိမလတို့ရဲ့ ကျေးဇူးကြောင့် အသံပိုင်း ဆိုင်ရာတွေလည်း အကူအညီ ရခဲ့ပါတယ်။ နောက်ဆုံး မီးစက်။ မီးစက်ထဲက ဆီကအစပေါ့။ ရွှေလက်များဆိုတဲ့ အဖွဲ့လေးမှာကလည်း အဖွဲ့ဝင်တွေက အသက်အားဖြင့် ၂၀ သာသာလေးတွေဆိုတော့ မယုံတာလည်း ပါပြီး အကူ အညီမရတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ တချို့လုပ်ငန်းရှင်များဆို အလှူခံ လာတဲ့ အဖွဲ့လောက်တောင် မလေးစားကြဘူး။ ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရွှေလက်များ လူငယ်တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ် တူးဖော်ခွင့်ရဖို့ ကူညီပေးသူများက ရှိနေသေးလေတော့။

ဒီလိုနဲ့ Super က ဧည့်ခံ ကော်ဖီတိုက် ရွှေလက်များ အဖွဲ့နှင့် မြို့ခံ ကလောင်ရှင်များ ဖြစ်တဲ့ ဆရာမြရွက်၊ ဆရာသန်းရွှေဦး၊ မောင်ကိုမောင် (ကလေး)၊ မောင်ယဉ်အောင် (ကလေးမြေ) တို့က ကဗျာတွေရွတ်၊ စာပေရေးရာတွေ ဟောပြောဖြစ်ခဲ့ကြပါတော့တယ်။ နောက်ပြီး ဧည့်သည် ကဗျာဆရာ အဖြစ် ကလေးမြို့စစ်ဆေးရုံမှာ တာဝန်ကျလာတဲ့ ကဗျာဆရာ မြတ်ဝေ ကလည်း ကဗျာ တစ်ပုဒ်နဲ့ ချီးမြှင့်ပေးခဲ့ ပါတယ်။

ကလေးမြို့လေးမှာ ဆရာမြင့်နိုင်အိန်၊ ဆရာ ချိုတကူး၊ ဆရာမြရွက်၊ မောင်ယဉ်အောင်(ကလေးမြေ)၊ မောင်ကိုမောင်(ကလေး)၊ သော်တာစံ (ကလေး)၊ ဇွဲဆုပန်(ဆားလင်းကြီး)၊ လမင်းအို စတဲ့ ကလောင်ရှင်များစွာ ရှိနေပေမယ့်လည်း စာပေနှင့် ပတ်သက်တဲ့ ပွဲများ ကျဲပါးလှပါသည်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမြဆင့်ချယ်၊ မောင်ကံချို(ကလေး)တို့ ရှိစဉ်ကတော့ ဆွေးနွေး ပွဲတွေ၊ စာပေ စကားဝိုင်းလေးတွေ လုပ်ဖြစ်ကြ တယ်လို့ သိရပါတယ်။ စာပေဟာ တိုင်းပြည်ရဲ့ အရည်အသွေးနဲ့ ယဉ်ကျေးမှု တိုးတက်စေဖို့ များစွာ အထောက်အကူ ပြုတဲ့ ပစ္စည်းတစ်ခုလို့ ကျွန်တော်တို့ ရွှေလက်များ လူငယ်တွေ ခံယူထားတဲ့ အတိုင်း စာပေနဲ့ ပတ်သက်တဲ့ ပွဲတွေ လုပ်နိုင်သလောက် လုပ်ကြဖို့ ဆုံးဖြတ်ထားခဲ့ကြဖူးပါတယ်။ အခုတော့ အသံလောက်ပဲ ကြားဖူးတဲ့ ကဗျာရွတ်ပွဲ ဆိုတာကြီးကို မျက်ဝါးထင်ထင်ပင် တွေ့မြင်ခံစာွးင့် ရရှိပါတော့တယ်။ ကိုယ်တိုင်လည်း ကဗျာ ရွတ်ဖတ်ခွင့် ရလာပါတော့တယ်။

ဒီ ၂၁.၃.၂၀၁၀ ကမ္ဘာ့ကဗျာနေ့ အထိမ်း အမှတ် အဖြစ် နောက် အစီအစဉ်တစ်ခု အနေနဲ့ ရွှေလက်များ လူငယ်စာပေ ပရဟိတ အဖွဲ့ဟာဆို ရင် ဖိတ်ခေါ် ကဗျာပြိုင်ပွဲကိုလည်း ခေါ်ပြီး ကဗျာဆုများကိုလည်း အဲဒီ အခမ်းအနားမှာပဲ ရွေးချယ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကလေးမြို့လေးက ရွှေလက်များ လူငယ်စာပေ ပရဟိတအဖွဲ့လေးဟာ လူငယ်နဲ့ပဲ ဖွဲ့စည်းထားတယ် ဆိုပေမယ့် လူကြီးတွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပြီဆိုတဲ့ အကြောင်းကို ဆရာမြရွက်၊ ဆရာသန်းရွှေဦးတို့ရဲ့ မိန့်ခြွေ အမှာစကားများမှာ လူငယ်တွေ အပေါ် အားရကျေနပ်စရာ ထည့်သွင်း အမှတ်ပေးခံခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

စာပေအစ ကဗျာမှသည်
တို့ပြည်တို့ရွာ ကမ္ဘာဖောက်ထွက်
တို့တွက်ပြည်ရွာ သာယာစေဖို့
တို့ကဗျာတွေနဲ့ ငြိမ်းချမ်းစေ
တို့စာတွေနဲ့ အေးမြစေ
စာကိုယ်ရေး ကလေး တည်ဆိုတဲ့ စာဆိုအရ သက္ကရာဇ် ၃၂၈ ကတည်း က တည်ခဲ့တဲ့ ကလေးမြို့လေးဟာ အခုဆိုရင်နှစ်ပေါင်း ၁၀၀၀ ကျော်ခဲ့ ပါပြီ။ အခုလို နှစ်ပေါင်း တစ်ထောင်ကျော် အတွင်းမှာ ပထမဆုံးပြုလုပ် ကျင်းပဖြစ်တဲ့ ကမ္ဘာ့ ကဗျာနေ့အတွက် ရွှေလက်များ လူငယ် စာပေပရဟိတ အဖွဲ့၊ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်များဖြစ်ကြတဲ့ ဦးနန္ဒ၀ံသ၊ ဦးဝိမလ၊ Super Coffee နှင့် မြို့ခံ ကလောင်ရှင်များ။ ဘာပဲဖြစ်ဖြစ်၊ ရွှေလက်များက စလှုပ်ရှား ကမ္ဘာတစ်လွှား ငြိမ်းချမ်း ကြဖို့...။ အခုလိုပဲ စာပေ လှုပ်ရှားမှုတွေနဲ့ ကလေးမြို့လေး ဝေဆာစေဖို့ ရွှေလက်များရင်မှာ...။

ကမ္ဘာ့ ကဗျာနေ့ ကဗျာရွတ်ပွဲ အခမ်းအနား အောင်မြင် သွားခဲ့ပါပြီ။ လူငယ်တွေလည်း ပျော်ရွှင်ခဲ့ရပါပြီ။ ရွှေလက်များဟာ နောက်ဆုံး နေရာတိုင်း စာပေကဏ္ဍ လွှမ်းမိုးရေး၊ စာပေ အခမ်းအနားတွေ မှိုလိုပေါက်ရေး အတွက် တတ်နိုင်သမျှ ဆက်ပြီး ကြိုးစား နေပါဦးမယ်ဆိုတာ။




သူရ၊ကလေး၊
(ရွှေအမြုတေ မှ)

Monday, May 3, 2010

ရွှေလက်များဆိုသော မြစ်ကလေး၏ အဖျား

သူရ(ကလေး)


ရွှေလက်များ ဆိုသော အဖွဲ့လေးနှင့် ပတ်သက်၍ မကြာသေးသော ကာလ အတွင်းပိုင်းက ဖြတ်သန်းခဲ့သော အချိန်များကို ပြန်စဉ်းစား မိသည်။ ကျွန်တော်ရယ်၊ ကဗျာ ဆရာ လမင်းအိုရယ်၊ မိုဃ်းဇက်သော်၊ တတိယနှစ် ကျောင်းသား လေးများ ဖြစ်ကြသော မောင်မှိုင်းရီ(ဘူမိ)၊ ကြယ်စင်အောင်(ဘူမိ)နှင့် ရာဇာ(သင်္ချာ)၊ မေ၀တီ(သင်္ချာ)၊ မေရမိုက်(ဓာတု)၊ အလင်္ကာ (သင်္ချာ) တို့ ကလေး တက္ကသိုလ်ဝင်း အတွင်းက Canteen ရှိ ပွင့်သစ် လက်ဖက်ရည်ဆိုင် ကလေးမှာ စတင် ဆုံဖြစ် ခဲ့ကြသည်။ ၂၀၀၈ ခုနှစ် နှစ်ကုန် ပိုင်းလောက်က ဖြစ်သည်။

သူငယ်ချင်းများ တွေ့ဆုံဖြစ်ကြခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တက္ကသိုလ် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့၏ လက်အောက်ခံ ကျောင်းနံရံကပ် စာစောင်အဖွဲ့ ကလေး ဖွဲ့ကြဖို့ ဖြစ်သည်။ စာမူများနှင့် တွဲဖက်၍ ကိုယ်ရေး အကျဉ်းများ အဖွဲ့ ဖွဲ့ ခွင့်တောင်းခံခြင်း အစီရင် ခံစာများ အကြိမ်ကြိမ် ပြုလုပ်၍ ကြိုးစားခဲ့ကြသည်။ သို့သော် တက္ကသိုလ် ကျောင်းသား/သူက လေးများ ဖြစ်ချင်သော နံရံကပ် စာစောင် အဖွဲ့လေး ဖြစ်လာအောင် ကျွန်တော် မစွမ်းဆောင် ပေးနိုင်ခဲ့ပါ။ သည်လိုနှင့်ပဲ ၂၀၀၈ ကုန်၍ ၂၀၀၉ ကူးခါစလေးမှာ တက္ကသိုလ် ကျောင်းကြီးလည်း ပိတ်သွားရော သူတို့ တစ်တွေ၏ မျှော်လင့်ချက် ကလေးများ ပျောက်ဆုံးကုန်ကြတော့သည်။ တာဝန်သိသူမှာ တာဝန်ရှိသည်ဆိုသည့် စကား ရှိပါသည်။

ကျွန်တော့်မှာ တာဝန်ရှိတာ၊ မရှိတာကိုတော့ ကျွန်တော် ထည့်မစဉ်းစား ဖြစ်ခဲ့။ သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် စာပေ အနုပညာကို တန်ဖိုး ထားကြသည့် တက္ကသိုလ် ကျောင်းသား/သူလေးများ ဖြစ်ကြသည့် ကျွန်တော့် သူငယ်ချင်းများ အတွက်တော့ နံရံကပ် စာစောင် အဖွဲ့လေး မဖြစ်သော်မှ တစ်ခုခုတော့ ဖြစ်စေချင်ခဲ့သည်။ နံရံကပ် စာစောင်အဖွဲ့လေး ဖြစ်ဖို့ ကြိုးစားစဉ်ကတည်းက အုပ်စုလေး ဖွဲ့မိနေသော စာပေ မြတ်နိုးသူများကို အဖွဲ့ကွဲ မသွားစေချင်သည့် ဆန္ဒလေးတွေက နေ့ရောညပါ ကျွန်တော့်ကို တဖွဲဖွဲ စိုးမိုးလာခဲ့သည်။ အတူ တကွ လုပ်ဆောင် ရတာတွေကို သတိရမိနေသည်။ ပျော်ရွှင်နေမိသည်။ သည်လိုနှင့် ၂၀၀၉ ပထမ လကလေး ကုန်စပြုလာသည်။

အဲသည်မှာ အတွေး တစ်ချက် ပေါ်လာခဲ့သည်။ ထိုအတွေး ကား ဖေဖော်ဝါရီ ၁၄ Valentine's Day ပေ ကျွန်တော်တို့ သူငယ်ချင်းတစ်စု အချစ်ကဗျာစာ အုပ်လေးတစ်အုပ် တစုတဝေး ထုတ်ဖို့ပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်လေးသည်ကား အောင်မြင်ခဲ့ပါသည်။ စာပေကို ချစ်မြတ်နိုး ၀ါသနာပါသော ကျွန်တော်တို့ လူငယ်လေးတစ်စု အတွက်ကား ခက်ခဲသည့် အရာ မဟုတ်ပါလား။

ကျွန်တော်တို့ သူငယ်ချင်းတစ်စု ထုတ်ဝေသော ကဗျာ စာအုပ်လေးသည် အေဒီ ၂၆၉ သို့ အလွမ်း ဆိုသော ခေါင်းစဉ်လေးဖြင့် ဖေဖော်ဝါရီ လ၏ အစပိုင်းလေးတွင် ထွက်ရှိလာသည်။ ထိုစာအုပ်ကလေး ပြုလုပ်နေစဉ် အချိန်မှာပင် နောက်ထပ် စာပေ ၀ါသနာရှင် လူငယ်လေးများ ကျွန်တော်တို့ အုပ်စုလေးတွင် ထပ်၍ တိုးပွားလာခဲ့သည်။ ထို့အတွက် ကဗျာ စာအုပ်လေးတွင် ကဗျာ ပါဝင် ရေးသားသူ ၀ါသနာရှင် လူငယ် ၁၈ ယောက် ဖြစ်လာခဲ့ရသည်။

သည်လိုနှင့် ခဏခဏ ကျွန်တော်တို့ တစ်တွေ တွေ့ဆုံဖြစ်ခဲ့ကြသည်။ စာပေ အကြောင်း စကားပြော ဖြစ်လာကြသည်။ ထို့အတူ စာပေ ချစ်သူ အချင်းချင်း ဖော်ရွေ ခင်မင်လာမှုသည် မတုပ်နှောင် ရပါဘဲ ခိုင်မြဲသည်ထက် ခိုင်မြဲလာ ခဲ့လေသည်။ ၂၀၀၉ သင်္ကြန် အပြီး(၂၆၊ ၄၊ ၂၀၀၉) တနင်္ဂနွေ နေ့မှာတော့ ကျွန်တော်တို့ စိတ်ကူး ယဉ်ခြင်းတွေ၊ အိပ်မက်တွေ၊ ဆန္ဒတွေ ပြည့်စုံ လာခဲ့သည်။ “ရွှေလက်များ”လူငယ်စာပေ အဖွဲ့ဆိုပြီး လူငယ်စာပေ အဖွဲ့လေး ဖွဲ့နိုင်ခဲ့လေသည်။ အဖွဲ့လေး ဖွဲ့ပြီးနောက် ၂ ရက်၊ ၃ ရက်အကြာမှာပင် အဖွဲ့လေး အနေဖြင့် ဖွဲ့စည်းခြင်း အမှတ်တရ အဖြစ် ပထမဦးဆုံး လက်ရေးကဗျာ စာအုပ်လေးတစ် အုပ်ထုတ်ဖို့ စီစဉ်ကြပြန်သည်။

ထိုကဗျာ စာအုပ်လေးလည်း ထွက်ပေါ် လာခဲ့ရပြန်ပါသည်။ သစ်တစ်ပင်ရဲ့ လူးလွန့်စ။ စာပေ ၀ါသနာရှင် လူငယ်များ၏ ကဗျာပွဲတော်(၁)ဟူသော ခေါင်းစဉ်လေးနှင့် ဖြစ်သည်။ စာအုပ်လေး ထွက်လာတော့ နီးစပ်ရာ သူငယ်ချင်းများ၊ မိတ်ဆွေများ ထံသို့ မ၀ယ်ချင်မှန်း မသိ၊ ၀ယ်ချင်မှန်းမသိ တစ်အုပ် ၅၀၀ ကျပ် ဖြင့် အတင်း ထိုးရောင်းခဲ့ကြသည်။ မြို့လေးပေါ်ရှိ စာအုပ် အရောင်းဆိုင်များ ဖြစ်သော ယူနီယံ စာပေနှင့် ပန်းသဇင် စာပေစာအုပ် အရောင်း ဆိုင်လေးတွေပေါ် အထိ တင်ခဲ့ကြသည်။ စာအုပ် ကလေးတွေ ကုန်ခဲ့ပါသည်။ ကိုယ့်ငွေလေးတွေနဲ့ ကိုယ်စုပြီး ထုတ်ကြတဲ့ စာအုပ်ကလေးတွေ ကုန်သွားတော့ စာအုပ် ရောင်းရ ငွေလေးတွေကို ရေတွက် ကြည့်မိသည်။ အရင်းက ၃၀၀၀၀ ကျပ် ဖြစ်သည်။ စုစုပေါင်း ရတာက ၅၀၀၀၀ ကျပ် ဖြစ်သည်။

အဲသည်မှာ ရွှေလက်များ လူငယ်စာပေ အဖွဲ့လေး ပုံစံတစ်မျိုး တိုးလာခဲ့သည်။ ဘာလဲ ဆိုတော့ “ရွှေလက်များ”လူငယ် စာပေအဖွဲ့ဟူ သော ခေါင်းစဉ်လေးသည် လူငယ် စာပေ ပရဟိတ အဖွဲ့ဆိုပြီး ပရဟိတလေး တိုးလာခြင်း ဖြစ်သည်။ အဲသည်မှာပဲ အဖွဲ့လေး၏ ဖွဲ့စည်းပုံကို ရေးဆွဲဖို့ လိုလာပြီဖြစ်ကြောင်း ဆွေးနွေး မိကြပြန်သည်။ ဆွေးနွေးမိကြတဲ့အတိုင်းပဲ အဖွဲ့အစည်း၏ တာဝန် ခွဲဝေရေးကို စတင်လိုက်ကြသည်။ “ရွှေ လက်များ”လူငယ် စာပေပရဟိတ အဖွဲ့၏ နာယကချုပ် အဖြစ် ကျွန်တော့်ကို တာဝန် ပေးလာကြသည်။ ထို့အတူ အဖွဲ့အကြံပေး နာယက အဖြစ် အောင်မူး(ကလေး)၊ လမင်းအို၊ ရွှေသတ္တိ(ရူပ) တို့ တာဝန်ပေး ခံရသည်။ ဥက္ကဋ္ဌ မောင်မှိုင်းရီ (ဘူမိ)၊ အတွင်းရေးမှူး(၁)ကို ချင်း(ကလေး)၊ အတွင်းရေးမှူး(၂)မိုဃ်းဇက်သော်နှင့် အထွေထွေ အကျိုးဆောင် ဖိုးမောင်၊ ကြည်စင်ရောင်(ဘူမိ)၊ ထို့နောက် အဖွဲ့ဝင်တွေလည်း များပြားလာသည်။

ဘဏ္ဍာရေးတွင် မေ၀တီ(သင်္ချာ)နှင့် အလင်္ကာ (သင်္ချာ) တို့က တာဝန်ယူပြီး အဖွဲ့ဝင်ဦးရေ ၃၀ အထိ လူငယ်တွေ စုမိလာကြသည်။
စာပေတင်မဟုတ် ပရဟိတပါ တွဲပါလာသော ကျွန်တော့်အဖွဲ့လေး အတွက် တာဝန် တစ်ခုက ပိုလာပါသည်။ ပရဟိတ ဘာတွေလုပ် ကြမလဲဆိုသော အတွေးကတော့ အရင် ၀င်လာ၍ ပရဟိတဟု ခေါင်းစဉ် တပ်လိုက်ရခြင်းဖြစ်သော ကြောင့် ကိစ္စမရှိ။ အဖွဲ့ အနေဖြင့် ကဗျာစာအုပ် လေးတွေ ပိုက်ဆံ စုထုတ်ရမည်။ ရောင်းချရမည်။ အမြတ် အစွန်းလေးတွေ စုပြီး တကယ်အမှန် လိုအပ်သော နေရာလေးတွေတွင် ပါဝင် လှူဒါန်း မည်ဖြစ်သည်။

အခုတော့ ကဗျာ စာအုပ်၏ မသေချာသော အမြတ်ငွေများကို မမျှော် လင့်တော့ဘဲ အဖွဲ့ဝင်များ အားလုံး တိုင်ပင် ဆွေးနွေး၍ တစ်လလျှင် မိမိ မုန့်ဖိုးထဲမှ လစဉ် ၁၀၀၀ ကျပ်ထည့် ရမည်ဟု အတည်ပြု သဘောတူ လိုက်ကြသည်။ အဖွဲ့လေး အတွင်းရှိ လူငယ်တို့၏ စွမ်းဆောင်အားသည် မကြာခင် ကာလအတွင်းပင် အံ့သြစရာ ကောင်းအောင် မြင်တွေ့လာရသည်။ အသင်းဝင် လူငယ်များ၏ မုန့်ဖိုးလေးတွေစုပြီး ပထမဆုံး ရွှေလက်များ၏ အလှူအဖြစ် ကလေးမြို့ ပင်လုံရပ်ကွက်၊ ချမ်းမြေ့အောင်စည် ကျောင်းလမ်းဘေးရှိ “အေးရိပ်မွန်”အမျိုးသမီး မိဘမဲ့ ဂေဟာလေးသို့ ငွေကျပ် ငါးသောင်းကျပ်တန်ဖိုးရှိ စာရေးကိရိ ယာများကို(၆၊ ၆၊ ၂၀၀၉) စနေနေ့တွင် ဖိတ်ကြားထားသော ဧည့်သည်များ၊ စေတနာရှင်များ နှင့် မြို့ခံစာရေးဆရာများ၊ သတင်းသမားများရှေ့ တွင်ပင် မျက်မြင်ကိုယ်တွေ့ လှူဒါန်းနိုင်ခဲ့လေပြီ။

ထို့နောက် ဒုတိယအကြိမ် “ရွှေလက်များ”၏ အလှူကိုလည်း ကလေးမြို့၊ ပင်လုံရပ်ကွက်၊ မြို့ပတ်လမ်းဘေးရှိ HIVပိုး ကူးစက်ခံစားနေ ရသော ဝေဒနာရှင် လူမမယ် ကလေးငယ်များကို ထိန်းသိမ်း စောင့်ရှောက်ထားသော ခရစ်ယာန် သီလရှင်တစ်ပါး၏ “မေတ္တာအရိပ်”မိဘမဲ့ ကလေးများ ဂေဟာသို့လည်း ပရိသတ် စုံလင်စွာနှင့် အ၀တ်အထည်၊ စာရေးကိရိယာနှင့် ငွေကြေး စုစုပေါင်း ၁၁၀၀၀၀ ကျပ်ခန့်ကိုလည်း လှူဒါန်း နိုင်ခဲ့ကြသည်။ ရွှေလက်များသို့ မြို့ခံ စေတနာ ရှင်များကလည်း ပါဝင် အားဖြည့် လာကြသောကြောင့် အခုဆိုလျှင် ကျွန်တော်တို့ “ရွှေလက် များ” လူငယ်တစ်စု အိပ်မက်တွေ၏ လက်တွေ့ အကောင်အထည် ပေါ်လာနိုင်ခြင်းမှာ ပီတိတွေ၊ စေတနာတွေ နစ်မျောလို့...။





သူရ၊ကလေး

Saturday, May 1, 2010

ရွှေလက်များ သတင်း

ရွှေလက်များအဖွဲ့ဝင် ကဗျာဆရာ လမင်းအိုရဲ့ ကဗျာတွေကို သီးသန့်ကြည့်ချင်သူတွေအတွက် http://laminno.blogspot.com မှာ ၀င်ရောက်ကြည့်နိုင်ကြပါတယ်။
ရွှေလက်များအဖွဲ့ဝင်တွေရဲ့ ကဗျာတွေကိုတော့ ဒီဘလော့မှာ တင်ပေးပါ့မယ်။

ရွှေလက်များ သတင်း

ပရဟိတ လုပ်ငန်းတွေ ရပ်တန့်ထားတဲ့ ရွှေလက်များအဖွဲ့ဟာ မကြာမီ လှူဒါန်းပွဲတစ်ခုကို ပြုလုပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။ ဘယ်မှာဆိုတာ သေချာမသိရသေးပါဘူး။ နှစ်နေရာလျာထားပါတယ်။
ပါဝင်ကူညီချင်သူ မိတ်ဆွေစေတနာရှင်မည်သူကိုမဆို ကြိုဆိုလျှက်ပါ။ ဆက်သွယ်ကြဖို့က လမင်းအို---မြို့နယ်သစ်တောရုံး။အောင်မင်္ဂလာ။ကလေးမြို့။073-21001-22346။
အီးမေးလ်လိပ်စာက-trphee.91@gmail.com-atrhkl@gmail.com တို့ကို ဆက်သွယ်နိုင်ကြပါတယ်။

ရွှေလက်များ၏ ကဗျာပုံရိပ်များ

မဆပ်နိုင်သေးတဲ့ မျက်နှာတွေ

ကိုယ့်အရိပ်နဲ့ကိုယ် စစ်ထိုးတဲ့ပွဲမှာ၊
ကျောက်ခဲလိုမာကျောမိသမျှ၊
ပန်းပွင့်နဲ့ မျက်ရည်ကျရတယ် ၊
လေဟာ အရှေ့အရပ်ကတိုက်တယ်ဆိုပါဆို့၊
ငါတို့ဟာ အနောက်အရပ်ကိုပဲ လွင့်ရမယ်။
မျက်ရည်တွေမစုံနိုင်သေးသရွေ့၊
အိပ်မက်တွေ မျှော်လင့်ချက်မကုန်ဘူး ခြေရာမထပ်ဘူး။
ရေရွတ်ခဲ့ဖူးတဲ့ ပန်းခင်းတွေ
ဖောက်ထွင်းခဲ့ဘူးတဲ့ရသတွေ၊
..............................................
...............................................
ဘာပဲဖြစ်ဖြစ် မျက်ရည်ဟာ မျက်ရည်ပါ
ရွက်ကြွေလို့ အရောင်ဖျော့မှိန်ရပေမယ့်
လေအဝှေ့ကို မွေ့နေမိသေးတယ်။

လမင်းအို
ပန်းအလင်္ကာ၊ မေလ၊ 2010

ရွှေလက်များ၏ ကဗျာပုံရိပ်များ

မုန်းပိတောက်

နှစ်စဉ်နှစ်တိုင်း ငါမပျော်တဲ့ပိတောက် ရောက်လာပြီ
သူ့လောကဧရိယာက ဘယ်လောက်ကျယ်ပြန့်လို့
ငါ့ကိုအတင်းလာနမ်းခိုင်းနေတာလဲ
သူလိုကိုယ်လိုအ၀ါရောင်တစ်စွန်းတစ်စကို
ရွှေအိုရောင်အမည်တပ်လို့ခပ်ထန်
ထန်ပြုံးနေပုံက သူ့ကို ခေါင်းတုံးတုံးပစ်ချင်စရာ
ရေလေးတစ်ဖျောက်နှစ်ဖျောက်ပက်မိတာနဲ့
သူကမြူးတူးစွာခုန်ပေါက်
ဟော အပျိုမတွေရဲ့ ခေါင်းပေါ်ရောက်သွားရော
ကောင်းဗျာ...
ပြောသေးတယ် သူ့ကိုတစ်နာရီသာ ဆင်ယင်ခွင့်ရှိတယ်တဲ့
ဝေလေလေငှက်တစ်ကောင်လာနားရုံနဲ့ ပွင့်လွှာတွေလျှောကျ
ပြောရမှာလည်း ရှက်ပါတယ် ဒါဆို နှစ်သစ်ကူးပြီတဲ့
သူ့လောကဧရိယာတစ်စွန်းတစ်စကို ခပ်ထန်ထန်ပြုံးနေပုံက
တစ်ဖျောက်နှစ်ဖျောက်ပက်မိတာနဲ့ ခေါင်းပေါ်ရောက်သွားရော
သူ့ကိုတစ်နာရီသာ ဝေလေလေငှက်တစ်ကောင်လာနားရုံနဲ့
ပြောရမှာလည်း ရှက်ပါတယ် ဘယ်လောက်ကျယ်ပြန့်လို့
ရွှေအိုရောင်အမည်တပ် ခေါင်းတုံး တုံးပစ်ချင်စရာ
သူကမြူးတူးစွာခုန်ပေါက် ကောင်းဗျာ
ပြောသေးတယ် ပွင့်လွှာတွေလျှောကျ
နှစ်သစ်ကူးပြီတဲ့ ငါ့ကိုအတင်းလာနမ်းခိုင်း
သူလိုကိုယ်လိုအ၀ါရောင် ရေလေး
ဟော... အပျိုမတွေဆင်ယင်ခွင့်ရှိတယ်တဲ့
ဒါဆို နှစ်စဉ်နှစ်တိုင်း ငါမပျော်တဲ့ပိတောက် ရောက်လာပြီ။

လမင်းအို
ရတီ၊ ဧပြီ၊ 2009

ရွှေလက်များ၏ ကဗျာပုံရိပ်များ

ခေါင်းလောင်းသံတွေကြားတိုင်း

စာကိုမသိလို့ ပြာယာခတ်နေခဲ့တာ ကျွန်တော်ပါ
ဆာလောင်မှုတွေ ရှိတိုင်း စာစာလို့ အော်ညည်းမိတာ
ကျွန်တော့မှာ ပြစရာဆိုလို့ လူရာမ၀င်တဲ့ ဝေဒနာတွေပဲရှိတယ်
မနက်တစ်ခါ ညတစ်ခါ စာအုပ်တွေကို ရှိခိုးလို့
ခေါင်းလောင်းသံတွေကြားတိုင်း လွယ်အိတ်လွယ်ခွင့် မရှိတဲ့
ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ် သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ အမေ့မျက်နှာ ဟိုဘက်လှည့်မသွားပါနဲ့
ဟိုမှာ ကျွန်တော့သူငယ်ချင်းတွေ စာအံနေပါလား
ကျွန်တော့ကို ကကြီး၊ ခခွေး ပြောပြပေးပါလား အမေရယ်
စာကိုမသိလို့ စာစာလို့ အော်ညည်းမိတာ ကျွန်တော့်မှာ
ပြစရာဆိုလို့ ဝေဒနာတွေပဲရှိတယ် မနက်တစ်ခါ ညတစ်ခါ
ခေါင်းလောင်းသံတွေကြားတိုင်း သားကျောင်းတက်ပါရစေ အမေ
ဒီလိုပြောလိုက်လို့ ဟိုဘက်လှည့်မသွားပါနဲ့ ဟိုမှာ
ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို ပျာယာခတ်နေခဲ့တာ
ဆာလောင်မှုတွေရှိတိုင်း လူရာမ၀င်တဲ့ စာအုပ်တွေကို ရှိခိုးလို့
လွယ်အိတ်လွယ်ခွင့် မရှိတဲ့ ပစ္စုပ္ပန်ကိုပဲ ရင်နာမိတယ်
အမေ့မျက်နှာ စာအံနေပါလား ကကြီး၊ ခခွေး
ပြောပြပေးပါလား အမေရယ် ကျွန်တော်ပါ။

လမင်းအို
သာစည်ရွာ၊ ကျောင်းစိန်ရတုအထိမ်းအမှတ်စာစောင်၊2009

ရွှေလက်များ၏ ကဗျာပုံရိပ်များ

ကတိ

အချစ်သိလား
မောင့်အသွေးသားတွေ
မင်း အတွက်ပဲ ဖြစ်စေမယ်
သို့ဂလိုပဲ
အချစ်သိလား
မောင့် အကြွေးဇယားတွေ
မင်းအတွက်ပဲ ဖြစ်စေမယ်(ဟဲ ဟဲ)။ ။

လမင်းအို
သောကြာစာစောင်၊ ဒီဇင်ဘာ၊ ၂၀၀၈

ရွှေလက်များ၏ ကဗျာပုံရိပ်များ

သတင်းကောင်း

ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

မည်းမည်းကြုတ်ကြုတ်
ဝတုတ်တုတ်က
မောင်လေးမ..အား
မထားခဲ့နဲ.။

မျက်နှာပြဲပြဲ
သွားကျဲကျဲက
ကိုကြီးမီးကို
ပစ်နဲ.ဆို။

နဖူးမောက်မောက်
နှာရောင်ကောက်က
ချစ်သူသက်ဆုံး
ပစ်မမုန်းနဲ.။

ထို.ကြောင့်
ဒီကမောင်မှာ
ဆေးမဆောင်ဘဲ
ပီယသိဒ္ဓိအောင်နေ၏။

ရယ်၊ချစ်သူများ
စိတ်ဝမ်းပါးလျှင်
ကျုပ်ထံဆက်သွယ်နိုင်ပါ၏။

လမင်းအို
သောင်းပြောင်းထွေလာ ရယ်စရာ၊ နိုဝင်ဘာ၊ 2008

ကလေးမြို့က ရွှေလက်များအကြောင်း

ကလေးမြို့တွင် ကမ္ဘာကဗျာနေ့ကို ၂၀၁၀ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ရွှေလက်များ လူငယ်ပရဟိတ အဖွဲ့မှ ဦးဆောင်၍ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ကလေးမြို့မှ စာရေးဆရာကြီးများ ကဗျာဆရာကြီးများ ကဗျာ ဆရာ ငယ်များ စာပေ ၀ါသနာရှင်များ တက်ရောက်၍ ကလေးမြို့၏ စာပေလှုပ်ရှားမှု အကြောင်း နှင့် ကဗျာ ရွက်ဖတ်ပွဲများ ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။
ရွှေလက်များ လူငယ်ပရဟိတ အဖွဲ့ကို ကလေးမြို့မှ လူငယ် စာရေးဆရာများမှ ၂၀၀၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရွှေလက်များ အဖွဲမှ ပရဟိတ ဆောင်ရွက်မှု များအနေဖြင့် (၆.၆.၂၀၀၉) ခုနှစ်တွင် အေးရိပ်မွန် မိဘမဲ့ ဂေဟာတွင် ကျပ်ငွေ ငါးသောင်း တန်းဖိုးရှိသည် စာရေးကိရိယာ ပစ္စည်းများကို လှုဒါန်းခဲ့ပါသည်။ ဒုတိယ အကြိမ်အဖြစ် ပင်လုံရပ်ကွက် မြို့ပတ်လမ်းရှိ မေတ္တာ အရိပ် HIV ပိုး ကူးစက်ခံထားရသည့် ကလေးများအတွက် ကျပ် တစ်သိန်းတစ်သောင်း တန်ဖိုးရှိ အ၀တ်အထည် စာရေးကရိယာ ငွေကြေး တို့ကို ပေးလှုခဲ့ပါသည်။ တတိယ အကြိမ် ဆောင်ရွက်မှုအနေဖြင့် ပြည်သူ့ ဆေးရုံးတွင် ကျေးရွာမှ ငွေကြေးမမတ်နိုင်သည့် ကလေးငယ် လူနာ တစ်ဦးအား ကျပ်ငွေ တစ်သောင်း ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။ ယခုအခါ အဆိုပါ ရွှေလက်များ အဖွဲ့တွင် အဖွဲ့ဝင် (၃၀) ကျော်ခန့် ရှိပြီး ၄င်းတို့၏ မုန့်ဖိုးများထဲမှ တစ်လလျှင် ကျပ်ငွေ တစ်ထောင် ကျပ်စီ စုပြီး စုဆာင်းရရှိသော ငွေများကို ပရဟိတ လုပ်ငန်းများ နှင့် မိဘမဲ့ ကျောင်းများသို့ လှုဒါန်မည်ဟု သိရှိရပါသည်။ စေတနာရှင်များ ဆက်သွယ်လှုဒါန်းလိုပါက သူရ(ကလေး)ဇဗ္ဗူထွန်း ကွန်ပျုတာ
ပန်းချီ အောင်မူး၊သော်တာစံ(ကလေး)၊ရွှေသတ္တိ(ရူပ) တို့ထံတွင် ဆက်သွယ် လှူဒါန်းနိုင်ပါသည်။

ကလေးမြို့က ရွှေလက်များ

ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပသည့်
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား
ကို 21.3.2010 (တနင်္ဂနွေနေ့)တွင် မင်္ဂလာဥယျာဉ်ရပ်ကွက်၊
မင်္ဂလာဥယျာဉ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ကလေးမြို့တွင်
ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး 2006 ခုနှစ်တွင် တမူးမြို့တွင်
ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၄င်းပွဲသို့ ကလေးမြို့ခံ
စာပေသမားများဖြစ်သော ဆရာသန်းရွှေဦး(ကလေး)၊ ဆရာမြရွက်၊
ဆရာမောင်ယဉ်အောင်(ကလေးမြို့)၊ ဆရာမောင်ကိုမောင်(ကလေး)တို့နှင့်
ရွှေလက်များလူငယ်စာပေပရဟိတအဖွဲ့ဝင်များဖြစ်သော ဆရာ သော်တာစံ(ကလေး)၊ ဆရာ
ဇွဲဆုပန်(ဆားလင်းကြီး)၊ ဆရာ လင်းဖွဲ့အိမ်၊ ဆရာသူရ(ကလေး)၊ ဆရာ လမင်းအို၊
ဆရာ မိုဃ်းဇက်သော်၊ ဆရာ မောင်မှိုင်းရီ(ဘူမိ)၊ ဆရာ
ကြယ်စင်ရောင်(ဘူမိ)နှင့် အဖွဲ့ဝင်စာပေ၀ါသနာရှင်များတက်ရောက်ကြပြီး
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာပေစကားများပြောကြားခြင်း၊
ကဗျာများရွတ်ဖတ်ခြင်းများကို ပြုလုပ်ကြပြီး မြို့ပေါ်မှ
စာပေ၀ါသနာရှင်များတက်ရောက်နားထောင်ကြကြောင်း သိရပါသည်။
အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့မှ တာဝန်ဖြင့်ရောက်ရှိလာသော ကဗျာဆရာ
မြတ်ဝေ မှ အမှတ်တရ ကဗျာရွတ်ဖတ်ပေးခဲ့ကြောင်းလည်း သိရပါသည်။ ၄င်းပွဲကို
စူပါကော်ဖီမစ် မှ
စပွန်ဆာပေးခဲ့ပြီးအောင်မြင်စည်ကားသိုက်မြိုက်စွာပြီးဆုံးခဲ့ကြောင်းပါခင်ဗျာ။