Wednesday, May 5, 2010

ရွှေလက်များနဲ့ ကမ္ဘာ့ကဗျာနေ့

သူရ(ကလေး)
Tuesday, 04 May 2010 03:59

ကဗျာရွတ်ပွဲ ဆိုတာကို ခေါင်းစဉ်လောက်ပဲ ကြားဖူးရုံ လေးပေါ့။ အခုတော့ ၂၁.၃.၂၀၁၀ နေ့မှာ ကျွန်တော်တို့ ကလေးမြို့က ရွှေလက်များ လူငယ်စာပေ ပရဟိတ အဖွဲ့လေးက ဦးဆောင်လို့ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ပွဲ အခမ်းအနားလေး လုပ်ဖို့ စိတ်ကူး ရလာ ပါတယ်။ ကဗျာရွတ်ပွဲ ကျင်းပပေးဖို့ ကျွန်တော့်ကို အကြံဥာဏ် ပေးလာသူကတော့ လင်းဖွဲ့အိမ် ဆိုတဲ့ ကလေးမြို့ခံ ကဗျာဆရာ တစ်ယောက် ပါပဲ။ ဒါနဲ့ပဲ ရွှေလက်များက လူငယ်တွေ စည်းဝေး တိုင်ပင် ကြပါတော့တယ်။ ကဗျာရွတ်ပွဲ ကျင်းပတာတော့ ဟုတ်ပါပြီ။ ကျွန်တော်တို့ တစ်တွေ ဘယ်နေရာမှာ ကျင်းပကြမလဲ။ ကဗျာရွတ်ပွဲ ကျင်းပဖို့ ခန်းမငှားတဲ့ နေရာတွေ လိုက်စုံစမ်းကြည့်တော့ ခန်းမ ငှားကြေး တွေက သိန်းကျော်တွေလေ။ ရွှေလက်များရဲ့ ရန်ပုံငွေက သောင်းဂဏန်း။ ဒါနဲ့ မဖြစ်သေးဘူး ဆိုပြီးSuper Coffee, KTM သောက်ရေသန့်၊ ကျန်းမာချမ်းသာ သောက်ရေသန့်၊ Bravo Coffee, ပွိုင့်ဆိုင်ကယ် အပိုပစ္စည်း Fuji Soap, Panasonic ဓာတ်ခဲ စတဲ့ လုပ်ငန်းရှင် တွေဆီ စပွန်ဆာလိုက် တောင်းကြည့်ကြရတော့တယ်။ ကျွန်တော်ရယ် မိုဃ်းဇက်သော်၊ လမင်းအို၊ မောင်မှိုင်းရီ(ဘူမိ)၊ ဖိုးမောင်(မြန်မာစာ) တို့နဲ့ပေါ့။ စက်ဘီးတွေ ကိုယ်စီနဲ့ တစ်နေရာဝင် တစ်နေရာထွက်လို့။ နေကပူပူ ချွေးက တရွှဲရွှဲ။ ဒါပေမယ့် ရွှေလက်များ လူငယ်တွေ မျက်နှာပေါ်မှာ မောရိပ်မထင် ပင်ပန်းရိပ်မမြင်၊ ဒီလိုနဲ့ အခမ်းအနား ဖြစ်မြောက်ရေး အကူစပွန်ဆာများ ရလို ရငြား ရှာလိုက်ရတာ ခန်းမ စပွန်ဆာတော့ မရပါ ဘူး။

တက်ရောက်လာမယ့် ဧည့်ပရိသတ်များ အတွက် ကော်ဖီတော့ တိုက်ပေးမယ်ဆိုပြီးSuper Coffee ဆီက အကူအညီ တစ်ခုတော့ ရခဲ့ပါတယ်။ နေရာရှားပါးမှုကို ခေါင်းခြောက်အောင် ရှာရပြန်ပါတော့တယ်။ အဖွဲ့ငွေနည်း လို့ပေါ့လေ။ ဒါပေမယ့် တကယ် လုပ်ချင်တဲ့ လူငယ်တွေအတွက် တကယ်ပေးမယ့် အခွင့်အရေးတွေက ရှိနေခဲ့ပါတယ်။ အဲဒါကတော့ ကျွန်တော့်ရဲ့ ငယ်ဆရာလည်းဖြစ် ငယ်ငယ်က ရှင်သာမဏေလည်း ၀တ်ခဲ့တဲ့ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်များဆီမှ ကမ္ဘာ့ကဗျာနေ့ အခမ်းအနားအတွက် ခန်းမ အဖြစ် ကျောင်းဓမ္မာရုံကြီးပေါ်မှာ လုပ်ခွင့်ပေးလိုက်ခြင်းပါပဲ။ ဆရာတော်များ ဖြစ်ကြတဲ့ ဦးပဏ္ဍ၀ံသ၊ ဦးနန္ဒ၀ံသ၊ ဦးဝိမလတို့ရဲ့ ကျေးဇူးကြောင့် အသံပိုင်း ဆိုင်ရာတွေလည်း အကူအညီ ရခဲ့ပါတယ်။ နောက်ဆုံး မီးစက်။ မီးစက်ထဲက ဆီကအစပေါ့။ ရွှေလက်များဆိုတဲ့ အဖွဲ့လေးမှာကလည်း အဖွဲ့ဝင်တွေက အသက်အားဖြင့် ၂၀ သာသာလေးတွေဆိုတော့ မယုံတာလည်း ပါပြီး အကူ အညီမရတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ တချို့လုပ်ငန်းရှင်များဆို အလှူခံ လာတဲ့ အဖွဲ့လောက်တောင် မလေးစားကြဘူး။ ၀မ်းနည်းမိပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရွှေလက်များ လူငယ်တွေ ဖြစ်ချင်တဲ့ ဆန္ဒတွေကို လွတ်လွတ်လပ်လပ် တူးဖော်ခွင့်ရဖို့ ကူညီပေးသူများက ရှိနေသေးလေတော့။

ဒီလိုနဲ့ Super က ဧည့်ခံ ကော်ဖီတိုက် ရွှေလက်များ အဖွဲ့နှင့် မြို့ခံ ကလောင်ရှင်များ ဖြစ်တဲ့ ဆရာမြရွက်၊ ဆရာသန်းရွှေဦး၊ မောင်ကိုမောင် (ကလေး)၊ မောင်ယဉ်အောင် (ကလေးမြေ) တို့က ကဗျာတွေရွတ်၊ စာပေရေးရာတွေ ဟောပြောဖြစ်ခဲ့ကြပါတော့တယ်။ နောက်ပြီး ဧည့်သည် ကဗျာဆရာ အဖြစ် ကလေးမြို့စစ်ဆေးရုံမှာ တာဝန်ကျလာတဲ့ ကဗျာဆရာ မြတ်ဝေ ကလည်း ကဗျာ တစ်ပုဒ်နဲ့ ချီးမြှင့်ပေးခဲ့ ပါတယ်။

ကလေးမြို့လေးမှာ ဆရာမြင့်နိုင်အိန်၊ ဆရာ ချိုတကူး၊ ဆရာမြရွက်၊ မောင်ယဉ်အောင်(ကလေးမြေ)၊ မောင်ကိုမောင်(ကလေး)၊ သော်တာစံ (ကလေး)၊ ဇွဲဆုပန်(ဆားလင်းကြီး)၊ လမင်းအို စတဲ့ ကလောင်ရှင်များစွာ ရှိနေပေမယ့်လည်း စာပေနှင့် ပတ်သက်တဲ့ ပွဲများ ကျဲပါးလှပါသည်။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမြဆင့်ချယ်၊ မောင်ကံချို(ကလေး)တို့ ရှိစဉ်ကတော့ ဆွေးနွေး ပွဲတွေ၊ စာပေ စကားဝိုင်းလေးတွေ လုပ်ဖြစ်ကြ တယ်လို့ သိရပါတယ်။ စာပေဟာ တိုင်းပြည်ရဲ့ အရည်အသွေးနဲ့ ယဉ်ကျေးမှု တိုးတက်စေဖို့ များစွာ အထောက်အကူ ပြုတဲ့ ပစ္စည်းတစ်ခုလို့ ကျွန်တော်တို့ ရွှေလက်များ လူငယ်တွေ ခံယူထားတဲ့ အတိုင်း စာပေနဲ့ ပတ်သက်တဲ့ ပွဲတွေ လုပ်နိုင်သလောက် လုပ်ကြဖို့ ဆုံးဖြတ်ထားခဲ့ကြဖူးပါတယ်။ အခုတော့ အသံလောက်ပဲ ကြားဖူးတဲ့ ကဗျာရွတ်ပွဲ ဆိုတာကြီးကို မျက်ဝါးထင်ထင်ပင် တွေ့မြင်ခံစာွးင့် ရရှိပါတော့တယ်။ ကိုယ်တိုင်လည်း ကဗျာ ရွတ်ဖတ်ခွင့် ရလာပါတော့တယ်။

ဒီ ၂၁.၃.၂၀၁၀ ကမ္ဘာ့ကဗျာနေ့ အထိမ်း အမှတ် အဖြစ် နောက် အစီအစဉ်တစ်ခု အနေနဲ့ ရွှေလက်များ လူငယ်စာပေ ပရဟိတ အဖွဲ့ဟာဆို ရင် ဖိတ်ခေါ် ကဗျာပြိုင်ပွဲကိုလည်း ခေါ်ပြီး ကဗျာဆုများကိုလည်း အဲဒီ အခမ်းအနားမှာပဲ ရွေးချယ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ကလေးမြို့လေးက ရွှေလက်များ လူငယ်စာပေ ပရဟိတအဖွဲ့လေးဟာ လူငယ်နဲ့ပဲ ဖွဲ့စည်းထားတယ် ဆိုပေမယ့် လူကြီးတွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြပြီဆိုတဲ့ အကြောင်းကို ဆရာမြရွက်၊ ဆရာသန်းရွှေဦးတို့ရဲ့ မိန့်ခြွေ အမှာစကားများမှာ လူငယ်တွေ အပေါ် အားရကျေနပ်စရာ ထည့်သွင်း အမှတ်ပေးခံခွင့်ရခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။

စာပေအစ ကဗျာမှသည်
တို့ပြည်တို့ရွာ ကမ္ဘာဖောက်ထွက်
တို့တွက်ပြည်ရွာ သာယာစေဖို့
တို့ကဗျာတွေနဲ့ ငြိမ်းချမ်းစေ
တို့စာတွေနဲ့ အေးမြစေ
စာကိုယ်ရေး ကလေး တည်ဆိုတဲ့ စာဆိုအရ သက္ကရာဇ် ၃၂၈ ကတည်း က တည်ခဲ့တဲ့ ကလေးမြို့လေးဟာ အခုဆိုရင်နှစ်ပေါင်း ၁၀၀၀ ကျော်ခဲ့ ပါပြီ။ အခုလို နှစ်ပေါင်း တစ်ထောင်ကျော် အတွင်းမှာ ပထမဆုံးပြုလုပ် ကျင်းပဖြစ်တဲ့ ကမ္ဘာ့ ကဗျာနေ့အတွက် ရွှေလက်များ လူငယ် စာပေပရဟိတ အဖွဲ့၊ မင်္ဂလာဥယျာဉ် စာသင်တိုက် ဆရာတော်များဖြစ်ကြတဲ့ ဦးနန္ဒ၀ံသ၊ ဦးဝိမလ၊ Super Coffee နှင့် မြို့ခံ ကလောင်ရှင်များ။ ဘာပဲဖြစ်ဖြစ်၊ ရွှေလက်များက စလှုပ်ရှား ကမ္ဘာတစ်လွှား ငြိမ်းချမ်း ကြဖို့...။ အခုလိုပဲ စာပေ လှုပ်ရှားမှုတွေနဲ့ ကလေးမြို့လေး ဝေဆာစေဖို့ ရွှေလက်များရင်မှာ...။

ကမ္ဘာ့ ကဗျာနေ့ ကဗျာရွတ်ပွဲ အခမ်းအနား အောင်မြင် သွားခဲ့ပါပြီ။ လူငယ်တွေလည်း ပျော်ရွှင်ခဲ့ရပါပြီ။ ရွှေလက်များဟာ နောက်ဆုံး နေရာတိုင်း စာပေကဏ္ဍ လွှမ်းမိုးရေး၊ စာပေ အခမ်းအနားတွေ မှိုလိုပေါက်ရေး အတွက် တတ်နိုင်သမျှ ဆက်ပြီး ကြိုးစား နေပါဦးမယ်ဆိုတာ။




သူရ၊ကလေး၊
(ရွှေအမြုတေ မှ)

No comments:

Post a Comment