Monday, May 3, 2010

ရွှေလက်များဆိုသော မြစ်ကလေး၏ အဖျား

သူရ(ကလေး)


ရွှေလက်များ ဆိုသော အဖွဲ့လေးနှင့် ပတ်သက်၍ မကြာသေးသော ကာလ အတွင်းပိုင်းက ဖြတ်သန်းခဲ့သော အချိန်များကို ပြန်စဉ်းစား မိသည်။ ကျွန်တော်ရယ်၊ ကဗျာ ဆရာ လမင်းအိုရယ်၊ မိုဃ်းဇက်သော်၊ တတိယနှစ် ကျောင်းသား လေးများ ဖြစ်ကြသော မောင်မှိုင်းရီ(ဘူမိ)၊ ကြယ်စင်အောင်(ဘူမိ)နှင့် ရာဇာ(သင်္ချာ)၊ မေ၀တီ(သင်္ချာ)၊ မေရမိုက်(ဓာတု)၊ အလင်္ကာ (သင်္ချာ) တို့ ကလေး တက္ကသိုလ်ဝင်း အတွင်းက Canteen ရှိ ပွင့်သစ် လက်ဖက်ရည်ဆိုင် ကလေးမှာ စတင် ဆုံဖြစ် ခဲ့ကြသည်။ ၂၀၀၈ ခုနှစ် နှစ်ကုန် ပိုင်းလောက်က ဖြစ်သည်။

သူငယ်ချင်းများ တွေ့ဆုံဖြစ်ကြခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တက္ကသိုလ် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့၏ လက်အောက်ခံ ကျောင်းနံရံကပ် စာစောင်အဖွဲ့ ကလေး ဖွဲ့ကြဖို့ ဖြစ်သည်။ စာမူများနှင့် တွဲဖက်၍ ကိုယ်ရေး အကျဉ်းများ အဖွဲ့ ဖွဲ့ ခွင့်တောင်းခံခြင်း အစီရင် ခံစာများ အကြိမ်ကြိမ် ပြုလုပ်၍ ကြိုးစားခဲ့ကြသည်။ သို့သော် တက္ကသိုလ် ကျောင်းသား/သူက လေးများ ဖြစ်ချင်သော နံရံကပ် စာစောင် အဖွဲ့လေး ဖြစ်လာအောင် ကျွန်တော် မစွမ်းဆောင် ပေးနိုင်ခဲ့ပါ။ သည်လိုနှင့်ပဲ ၂၀၀၈ ကုန်၍ ၂၀၀၉ ကူးခါစလေးမှာ တက္ကသိုလ် ကျောင်းကြီးလည်း ပိတ်သွားရော သူတို့ တစ်တွေ၏ မျှော်လင့်ချက် ကလေးများ ပျောက်ဆုံးကုန်ကြတော့သည်။ တာဝန်သိသူမှာ တာဝန်ရှိသည်ဆိုသည့် စကား ရှိပါသည်။

ကျွန်တော့်မှာ တာဝန်ရှိတာ၊ မရှိတာကိုတော့ ကျွန်တော် ထည့်မစဉ်းစား ဖြစ်ခဲ့။ သို့သော် ငယ်ငယ်ရွယ်ရွယ်နှင့် စာပေ အနုပညာကို တန်ဖိုး ထားကြသည့် တက္ကသိုလ် ကျောင်းသား/သူလေးများ ဖြစ်ကြသည့် ကျွန်တော့် သူငယ်ချင်းများ အတွက်တော့ နံရံကပ် စာစောင် အဖွဲ့လေး မဖြစ်သော်မှ တစ်ခုခုတော့ ဖြစ်စေချင်ခဲ့သည်။ နံရံကပ် စာစောင်အဖွဲ့လေး ဖြစ်ဖို့ ကြိုးစားစဉ်ကတည်းက အုပ်စုလေး ဖွဲ့မိနေသော စာပေ မြတ်နိုးသူများကို အဖွဲ့ကွဲ မသွားစေချင်သည့် ဆန္ဒလေးတွေက နေ့ရောညပါ ကျွန်တော့်ကို တဖွဲဖွဲ စိုးမိုးလာခဲ့သည်။ အတူ တကွ လုပ်ဆောင် ရတာတွေကို သတိရမိနေသည်။ ပျော်ရွှင်နေမိသည်။ သည်လိုနှင့် ၂၀၀၉ ပထမ လကလေး ကုန်စပြုလာသည်။

အဲသည်မှာ အတွေး တစ်ချက် ပေါ်လာခဲ့သည်။ ထိုအတွေး ကား ဖေဖော်ဝါရီ ၁၄ Valentine's Day ပေ ကျွန်တော်တို့ သူငယ်ချင်းတစ်စု အချစ်ကဗျာစာ အုပ်လေးတစ်အုပ် တစုတဝေး ထုတ်ဖို့ပင် ဖြစ်သည်။ ထိုရည်ရွယ်ချက်လေးသည်ကား အောင်မြင်ခဲ့ပါသည်။ စာပေကို ချစ်မြတ်နိုး ၀ါသနာပါသော ကျွန်တော်တို့ လူငယ်လေးတစ်စု အတွက်ကား ခက်ခဲသည့် အရာ မဟုတ်ပါလား။

ကျွန်တော်တို့ သူငယ်ချင်းတစ်စု ထုတ်ဝေသော ကဗျာ စာအုပ်လေးသည် အေဒီ ၂၆၉ သို့ အလွမ်း ဆိုသော ခေါင်းစဉ်လေးဖြင့် ဖေဖော်ဝါရီ လ၏ အစပိုင်းလေးတွင် ထွက်ရှိလာသည်။ ထိုစာအုပ်ကလေး ပြုလုပ်နေစဉ် အချိန်မှာပင် နောက်ထပ် စာပေ ၀ါသနာရှင် လူငယ်လေးများ ကျွန်တော်တို့ အုပ်စုလေးတွင် ထပ်၍ တိုးပွားလာခဲ့သည်။ ထို့အတွက် ကဗျာ စာအုပ်လေးတွင် ကဗျာ ပါဝင် ရေးသားသူ ၀ါသနာရှင် လူငယ် ၁၈ ယောက် ဖြစ်လာခဲ့ရသည်။

သည်လိုနှင့် ခဏခဏ ကျွန်တော်တို့ တစ်တွေ တွေ့ဆုံဖြစ်ခဲ့ကြသည်။ စာပေ အကြောင်း စကားပြော ဖြစ်လာကြသည်။ ထို့အတူ စာပေ ချစ်သူ အချင်းချင်း ဖော်ရွေ ခင်မင်လာမှုသည် မတုပ်နှောင် ရပါဘဲ ခိုင်မြဲသည်ထက် ခိုင်မြဲလာ ခဲ့လေသည်။ ၂၀၀၉ သင်္ကြန် အပြီး(၂၆၊ ၄၊ ၂၀၀၉) တနင်္ဂနွေ နေ့မှာတော့ ကျွန်တော်တို့ စိတ်ကူး ယဉ်ခြင်းတွေ၊ အိပ်မက်တွေ၊ ဆန္ဒတွေ ပြည့်စုံ လာခဲ့သည်။ “ရွှေလက်များ”လူငယ်စာပေ အဖွဲ့ဆိုပြီး လူငယ်စာပေ အဖွဲ့လေး ဖွဲ့နိုင်ခဲ့လေသည်။ အဖွဲ့လေး ဖွဲ့ပြီးနောက် ၂ ရက်၊ ၃ ရက်အကြာမှာပင် အဖွဲ့လေး အနေဖြင့် ဖွဲ့စည်းခြင်း အမှတ်တရ အဖြစ် ပထမဦးဆုံး လက်ရေးကဗျာ စာအုပ်လေးတစ် အုပ်ထုတ်ဖို့ စီစဉ်ကြပြန်သည်။

ထိုကဗျာ စာအုပ်လေးလည်း ထွက်ပေါ် လာခဲ့ရပြန်ပါသည်။ သစ်တစ်ပင်ရဲ့ လူးလွန့်စ။ စာပေ ၀ါသနာရှင် လူငယ်များ၏ ကဗျာပွဲတော်(၁)ဟူသော ခေါင်းစဉ်လေးနှင့် ဖြစ်သည်။ စာအုပ်လေး ထွက်လာတော့ နီးစပ်ရာ သူငယ်ချင်းများ၊ မိတ်ဆွေများ ထံသို့ မ၀ယ်ချင်မှန်း မသိ၊ ၀ယ်ချင်မှန်းမသိ တစ်အုပ် ၅၀၀ ကျပ် ဖြင့် အတင်း ထိုးရောင်းခဲ့ကြသည်။ မြို့လေးပေါ်ရှိ စာအုပ် အရောင်းဆိုင်များ ဖြစ်သော ယူနီယံ စာပေနှင့် ပန်းသဇင် စာပေစာအုပ် အရောင်း ဆိုင်လေးတွေပေါ် အထိ တင်ခဲ့ကြသည်။ စာအုပ် ကလေးတွေ ကုန်ခဲ့ပါသည်။ ကိုယ့်ငွေလေးတွေနဲ့ ကိုယ်စုပြီး ထုတ်ကြတဲ့ စာအုပ်ကလေးတွေ ကုန်သွားတော့ စာအုပ် ရောင်းရ ငွေလေးတွေကို ရေတွက် ကြည့်မိသည်။ အရင်းက ၃၀၀၀၀ ကျပ် ဖြစ်သည်။ စုစုပေါင်း ရတာက ၅၀၀၀၀ ကျပ် ဖြစ်သည်။

အဲသည်မှာ ရွှေလက်များ လူငယ်စာပေ အဖွဲ့လေး ပုံစံတစ်မျိုး တိုးလာခဲ့သည်။ ဘာလဲ ဆိုတော့ “ရွှေလက်များ”လူငယ် စာပေအဖွဲ့ဟူ သော ခေါင်းစဉ်လေးသည် လူငယ် စာပေ ပရဟိတ အဖွဲ့ဆိုပြီး ပရဟိတလေး တိုးလာခြင်း ဖြစ်သည်။ အဲသည်မှာပဲ အဖွဲ့လေး၏ ဖွဲ့စည်းပုံကို ရေးဆွဲဖို့ လိုလာပြီဖြစ်ကြောင်း ဆွေးနွေး မိကြပြန်သည်။ ဆွေးနွေးမိကြတဲ့အတိုင်းပဲ အဖွဲ့အစည်း၏ တာဝန် ခွဲဝေရေးကို စတင်လိုက်ကြသည်။ “ရွှေ လက်များ”လူငယ် စာပေပရဟိတ အဖွဲ့၏ နာယကချုပ် အဖြစ် ကျွန်တော့်ကို တာဝန် ပေးလာကြသည်။ ထို့အတူ အဖွဲ့အကြံပေး နာယက အဖြစ် အောင်မူး(ကလေး)၊ လမင်းအို၊ ရွှေသတ္တိ(ရူပ) တို့ တာဝန်ပေး ခံရသည်။ ဥက္ကဋ္ဌ မောင်မှိုင်းရီ (ဘူမိ)၊ အတွင်းရေးမှူး(၁)ကို ချင်း(ကလေး)၊ အတွင်းရေးမှူး(၂)မိုဃ်းဇက်သော်နှင့် အထွေထွေ အကျိုးဆောင် ဖိုးမောင်၊ ကြည်စင်ရောင်(ဘူမိ)၊ ထို့နောက် အဖွဲ့ဝင်တွေလည်း များပြားလာသည်။

ဘဏ္ဍာရေးတွင် မေ၀တီ(သင်္ချာ)နှင့် အလင်္ကာ (သင်္ချာ) တို့က တာဝန်ယူပြီး အဖွဲ့ဝင်ဦးရေ ၃၀ အထိ လူငယ်တွေ စုမိလာကြသည်။
စာပေတင်မဟုတ် ပရဟိတပါ တွဲပါလာသော ကျွန်တော့်အဖွဲ့လေး အတွက် တာဝန် တစ်ခုက ပိုလာပါသည်။ ပရဟိတ ဘာတွေလုပ် ကြမလဲဆိုသော အတွေးကတော့ အရင် ၀င်လာ၍ ပရဟိတဟု ခေါင်းစဉ် တပ်လိုက်ရခြင်းဖြစ်သော ကြောင့် ကိစ္စမရှိ။ အဖွဲ့ အနေဖြင့် ကဗျာစာအုပ် လေးတွေ ပိုက်ဆံ စုထုတ်ရမည်။ ရောင်းချရမည်။ အမြတ် အစွန်းလေးတွေ စုပြီး တကယ်အမှန် လိုအပ်သော နေရာလေးတွေတွင် ပါဝင် လှူဒါန်း မည်ဖြစ်သည်။

အခုတော့ ကဗျာ စာအုပ်၏ မသေချာသော အမြတ်ငွေများကို မမျှော် လင့်တော့ဘဲ အဖွဲ့ဝင်များ အားလုံး တိုင်ပင် ဆွေးနွေး၍ တစ်လလျှင် မိမိ မုန့်ဖိုးထဲမှ လစဉ် ၁၀၀၀ ကျပ်ထည့် ရမည်ဟု အတည်ပြု သဘောတူ လိုက်ကြသည်။ အဖွဲ့လေး အတွင်းရှိ လူငယ်တို့၏ စွမ်းဆောင်အားသည် မကြာခင် ကာလအတွင်းပင် အံ့သြစရာ ကောင်းအောင် မြင်တွေ့လာရသည်။ အသင်းဝင် လူငယ်များ၏ မုန့်ဖိုးလေးတွေစုပြီး ပထမဆုံး ရွှေလက်များ၏ အလှူအဖြစ် ကလေးမြို့ ပင်လုံရပ်ကွက်၊ ချမ်းမြေ့အောင်စည် ကျောင်းလမ်းဘေးရှိ “အေးရိပ်မွန်”အမျိုးသမီး မိဘမဲ့ ဂေဟာလေးသို့ ငွေကျပ် ငါးသောင်းကျပ်တန်ဖိုးရှိ စာရေးကိရိ ယာများကို(၆၊ ၆၊ ၂၀၀၉) စနေနေ့တွင် ဖိတ်ကြားထားသော ဧည့်သည်များ၊ စေတနာရှင်များ နှင့် မြို့ခံစာရေးဆရာများ၊ သတင်းသမားများရှေ့ တွင်ပင် မျက်မြင်ကိုယ်တွေ့ လှူဒါန်းနိုင်ခဲ့လေပြီ။

ထို့နောက် ဒုတိယအကြိမ် “ရွှေလက်များ”၏ အလှူကိုလည်း ကလေးမြို့၊ ပင်လုံရပ်ကွက်၊ မြို့ပတ်လမ်းဘေးရှိ HIVပိုး ကူးစက်ခံစားနေ ရသော ဝေဒနာရှင် လူမမယ် ကလေးငယ်များကို ထိန်းသိမ်း စောင့်ရှောက်ထားသော ခရစ်ယာန် သီလရှင်တစ်ပါး၏ “မေတ္တာအရိပ်”မိဘမဲ့ ကလေးများ ဂေဟာသို့လည်း ပရိသတ် စုံလင်စွာနှင့် အ၀တ်အထည်၊ စာရေးကိရိယာနှင့် ငွေကြေး စုစုပေါင်း ၁၁၀၀၀၀ ကျပ်ခန့်ကိုလည်း လှူဒါန်း နိုင်ခဲ့ကြသည်။ ရွှေလက်များသို့ မြို့ခံ စေတနာ ရှင်များကလည်း ပါဝင် အားဖြည့် လာကြသောကြောင့် အခုဆိုလျှင် ကျွန်တော်တို့ “ရွှေလက် များ” လူငယ်တစ်စု အိပ်မက်တွေ၏ လက်တွေ့ အကောင်အထည် ပေါ်လာနိုင်ခြင်းမှာ ပီတိတွေ၊ စေတနာတွေ နစ်မျောလို့...။





သူရ၊ကလေး

No comments:

Post a Comment