Monday, June 28, 2010

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထိမ်းအမှတ်သစ်ပင်စိုက်ပွဲတော်

ကလေးမြို့ ဗိုလ်ချုပ်လမ်း၊ နေသာပညာဒါန ဆရာ၊ ဆရာမများ၊ သရဝဏ် ပညာရေး ဘော်ဒါရပ်ဝန်းမှ မြန်မာစာ ဆရာသန့်ဇင်ဝင်းနှင့် ကလောင်ရှင်များ၊ ရွှေလက်များ ပရဟိတလူငယ်အဖွဲ့များ နည်းပညာတက္ကသိုလ်ကျောင်းသား များ ပူးပေါင်းပြီး ကမ္ဘာ့ပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် နည်းပညာတက္ကသိုလ်နှင့် ထောက်ကြန့်ကျေးရွာ အကြားက ကလေး-မန္တလေး လမ်းမကြီးဘေးမှာ သစ်ပင်အမျိုးပေါင်း တစ်ဆယ့်နှစ်မျိုး၊ အပင်တစ်ထောင်ကျော် စိုက်ပျိုးခဲ့ပါတယ်။ ၁-၆-၂ဝ၁ဝ မှ ၅-၆-၂ဝ၁ဝ ထိ စိုက်ပျိုးခဲ့တဲ့ အဆိုပါ လမ်းမကြီးဟာ အာရှပတ်လမ်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး လမ်းဧရိယာနဲ့ လွတ်ကင်းပြီး ရေရှည်ထိန်းသိမ်းနိုင်ရေး လိုအပ်သော အကာအရံနှင့် ပြုပြင်မှု၊ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ကြီးထွားရေးကိုပါ ကလေးခရိုင်သစ်တောဦးစီးဌာနက အပြည့်အဝ ပါဝင်ကူညီ အားပေးခဲ့ပါတယ်။

သန်းညို့
(ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြသည်)

Friday, June 25, 2010

ချင်းတောင်တန်းပေါ်ကရွာချလိုက်တဲ့အလွမ်းတွေ

ပျော်စရာတွေကိုပလိုင်းထဲထည့်သယ်လာမယ့်ညီမလေးကတောင်ယာမှာ
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်တွေဟာမချိုဘူး
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှုတွေနဲ့
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီးခိုးနံ့သင်းနေခဲ့။

အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်းလေး
စားပွဲအိုပေါ်မှာအကျဉ်းစံ..။

နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်းချိန်တော့
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။

သမိုင်းဦးကနေ.....ဒီနေ့အထိ
အကြောင်းရာစုံပေါ်
အလွမ်းမွဲမွဲတွေရွာချနေရတယ်........။...............။



အောင်မှူးဝေ


၁၈.၆.၂၀၁၀

နှင်းကြည်လွင်(သို့မဟုတ်)ရထားမ၀င်တဲ့ဘူတာပျက်ကလေး

ပေါ့ပေါ့ပါးပါး ရယ်မောလှုပ်ရှား စားသောက်အသက်ရှင်ချင်
မီးခိုးငွေ့တွေလို
နှင်းဆီပန်းတွေလိုခဏပွင့်သွားတဲ့
အဆင်ပြေပြေမနက်ခင်းများမှာနှင်းကြည်လွင်
ဘုရားမသွားပါ
နတ်ဆိုးတွေဝှက်ထားတဲ့ညအံဝှက်ထဲ
အမဲလိုက်ဖို့ချောင်းနေပါတယ်။
မြို့တော်ခန်းမရှေ့
ထိုးဆိုက်လာတဲ့အထူးကားပေါ်မှာနှင်းကြည်လွင်မပါ
မြို့သစ်ကို
သန်းခေါင်ကျော်မှရောက်ပါမယ်။
မိသားစုပရိယေသနများသူ့ခေါင်းပေါ်
ခိုတွေလိုအသိုက်ဖွဲ့နေလို့
ဆူးလေလမ်းမပလက်ဖောင်းများမှာနှင်းကြည်လွင်
ခိုစာရောင်းပါတယ်။
မျက်လုံးပေါင်းများစွာကနေ
လျှံကျလာသောအထင်သေးမှုများ....
နှင်းကြည်လွင်ကိုမသတ်ဖြတ်နိုင်ပါ။

ကျွန်တော်ဆက်လက်မရေးရက်တော့တဲ့ကဗျာတစ်ပုဒ်ပါနှင်းကြည်လွင်။
မိဘလုပ်အားနဲ့အသက်ရှင်နေတဲ့သမီးများရဲ့ပျော်ရွှင်မှုတချို့တ၀က်လောက်နှင်းကြည်လွင်ကိုမျှဝေပေးကြဖို့တောင်းဆိုချင်ပါတယ်။လူသားချင်းစာနာထောက်ထားသဖြင့်ပေါ့ဗျာ။
(ကျွန်တော့်မေးလ်ထဲကိုရောက်လာတဲ့ အမည်မသိ ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာတစ်ပုဒ်ကို ကြိုက်လို့ တင်ဆက်လိုက်ပါတယ်။ မိတ်ဆွေတို့လည်း ကြိုက်မယ်ထင်ပါရဲ့)

မြစ်

ကွေ့တယ်
ကောက်တယ်
ေ၀၀ိုက်တယ်
ေ၀၀ုစ်တယ်
ရေနှစ်ခါချိုးလို့မရဘူး
ပြီးတော့
ကောင်းကင်ကြီးတစ်ခုလုံးလိုလို
သူ့ကို အထက်စီးကဆက်ဆံပေမယ့်
ဘယ်တော့မှ ရန်မတွေ့ဘဲ
သူ့သဘာဝအတိုင်း
ယဉ်ယဉ်ကျေးကျေးစီးမျောတယ်။ ။

မိုဃ်းဇက်သော်

အပျံသင်စ ညဥ့်ငှက်တစ်ကောင်ရဲ့လားရာ

ညကြီးမင်းကြီး လရောင်ငတ်တဲ့ပလက်ဖောင်းပေါ်က
အမျိုးသမီးလေးဟာ
ရေမရှိတဲ့ အရပ်ကလာလို့ ရေတိမ်နစ်တယ်
ငါးမန်းတွေများ ဆွဲသွားသလား

အဖြစ်က မနှစ်ကနဲ့ကို မတူဘူးဆိုပြန်တော့
ကူညီချင်လို့ပါကွယ်တဲ့
သူရာခိုးရိုက်နေတဲ့ သူငယ်အိမ်ဟာ
ရမ္မက်ရထားကို သံရှည် ဥသြဆွဲနေတယ်

နောက်တော့
စည်ပိုင်းသဏ္ဍာန်လူကြီးရဲ့
ခပ်ပြည့်ပြည့် အသပြာအိတ် ပုတ်ပြသံအဆုံးမှာ
မထူးတော့ပါဘူး
အမေအိုကို ကျွေးဟောင်းဆပ်ဖို့
သူ့ကိုယ်သူ သားရဲတွင်းထဲပစ်ချ
ကျားစာကျွေးပစ်လိုက်တော့တယ်။ ။

မိုဃ်းဇက်သော်

Friday, June 18, 2010

အချိန်များနှင့် ခရီးသွားခြင်း

မနေ့က .......
အိပ်မက်များကို ပြန်တူးဆွတော့
စိတ်ကူးအပျက် တစ်ခုနဲ့
နာရီ ရထားတစ်စင်း
တွေ့ရှိခဲ့တယ် ......။

တချို့ကတော့ ဝေဝေဆာဖူးပွင့်လို့
တချို့ကတော့ နွမ်းရိခြောက်သွေ့
တချို့လည်းြွေကလွင့်ခဲ့ပြီ ........
ကျော်လွန်ခဲ့တဲ့ ဘူတာတွေ
လွမ်းဆွတ်နေရုံမှ ဆုပ်ဆုပ်ပိုင်းခွင့်မရှိ ။

အတိတ်ကိုပြန်ငဲ့ကြည့်
မောင်ကံချိုရှိသည် ။
မြဆင့်ချယ်ရှိသည် ။
အငြင်းအခုံများ ရှိသည် ။
စနေစာပေအဖွဲ့ရှိသည် ။
ကုက္ကိုပင်တန်းတွေရှိသည် ။
နာရီစင် ရှိသည် ။
စက်ဘီးစီး ယဉ်ကျေးရှိသည် ။
ရည်းစားများလည်း ရှိသည် ။
မိုးနတ်မယ်ဆိုင် ရှိသည် ။
အခုတော့ ......
မမြဲခြင်းကို မလွန်ဆန်နိုင်ပြီဘဲ ။

ကမ္ပည်းမှာ တင်ကျန်
အလံကို စိုက်လို့
မသေတဲ့ဆေးကို သူစား
ကျောက်သား ရာဇဝင်ကို ထုထွင်းခဲ့
တမ်းခြင်းမဲ့တဲ့ မှတ်တိုင်တွေ
ဖေါက်ခဲ့တဲ့ လမ်းပေါ်
အရံသင့် စီးဆင်းနေရုံနဲ့
ငါတို့ ကျေနပ်ကြမှာလား .......။

ကိုယ်ရည်သွေး တီးလုံးတွေမတီးဘဲ
စိမ်းလန်းတဲ့ တောအုပ် စိုက်ပျိုးကြရအောင်
အတ္တဟိတ စကားလုံးလှိုင်းတွေ
ရိတ်သိမ်းကြရအောင်
မဟောင်းသော နေ့သစ်မှာ
မှတ်တိုင်တွေသာ စိုက်ထူကြစို့ ........။

ယွန်းအိမ်

(ကို ယွန်းအိမ် ရဲ့ ကဗျာကို ကြိုက်လို့ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ မြဆင့်ချယ် နှစ်နှစ်ပြည့်အမှတ်တရလည်း ဖြစ်သွားတာပေါ့။)

အရသာမရှိတဲ့မနက်ခင်း

လျှာပေါ်ရောက်တာနဲ့ ခါးသီးတော့တာပဲ
အသားလိုလို့အရိုးတောင်းတဲ့စကားတွေ
ခါးမယ့်အတူတူအရသာမဲ့နေတာကပိုမကောင်းဘူးလား
တစ်ဘ၀စာငြိမ်းချမ်းဖို့
ဘယ်လိုအရသာတွေလိုအပ်လဲ/ဘယ်ပုံမှီဝဲရမလဲ
ကိုယ့်ဘက်က
အသံကုန်ဟစ်ပြီးကမ်းပြိုပေးလိုက်တာတောင်
ကောင်မလေးရယ်.....
ညည်းမြစ်ကမ်းကသောင်မထွန်းခဲ့ဘူး
အရသာမရှိတဲ့...အဲဒီမနက်က
လဘက်ရည်ခွက်တွေကျကွဲလို့
စားပွဲထိုးလေးတစ်ယောက်
အိပ်မက်ဘီးပေါက်သွားခဲ့တယ်။
အရသာမရှိတဲ့..အဲဒီမနက်က
ပဲပြုတ်သည်တစ်ယောက်တောင်းမှောက်လို့
အမာခံဟင်းတစ်ခွက်
စားပွဲပေါ်မှာတိုက်ပွဲကျခဲ့တယ်
အရသာမရှိတဲ့အဲဒီမနက်က
ရဲရင့်သူမိန်းမကြီးတစ်ဦးကို
ခွေးရူးတွေက၀ိုင်းဆွဲလို့
အရေးပေါ်ခန်းတွေသက်ဝင်လှုပ်ရှားသွားခဲ့တယ်။
အရသာမရှိတဲ့အဲဒီမနက်က
သီးသန့်နယ်မြေဆိုတာမရှိ
ကူးစက်နယ်မြေသာရှိကြောင်း
နှလုံးသားရေးရာအဖွဲ့ချုပ်
အမုန်းဌာနစိတ်မှ ကြေငြာခဲ့ပါတယ်။
အရသာမရှိတ့အဲဒီမနက်က
လူများ.ပျော်စရာတွေနဲ့ပူလောင်လို့
ပူလောင်စရာတွေနဲ့ပျော်လို့
တကယ်တော့
လူတွေရောပျော်စရာတွေပါ
ပူလောင်နေခဲ့ပါပြီ..။
အရသာမရှိတဲ့အဲဒီမနက်က..
မြွေဆိုးတစ်ကောင်ဟာ
ပုံပြင်ထဲမှာ
တိတ်တိတ်ကလေးအစာငတ်ခဲ့တယ်။ ။

အောင်မှူးဝေ

ချင်းတောင်တန်းပေါ်ကရွာချလိုက်တဲ့အလွမ်းတွေ

ပျော်စရာတွေကိုပလိုင်းထဲထည့်သယ်လာမယ့်ညီမလေးကတောင်ယာမှာ
ပေါင်းနှုတ်နေတုန်းပဲဆိုပါတော့
ဆန်ကြမ်းနဲ့ရောစားရတဲ့အိပ်မက်တွေဟာမချိုဘူး
ရိုးရာမပျက်စနစ်တကျအလိုမပြည့်မှုတွေနဲ့
တစ်ဖက်ခြေတံရှည်အိမ်ကလေးမှာမီးခိုးနံ့သင်းနေခဲ့။

အဖေလည်းအဝေးကြီးမှာ
တောင်ယာတွေကိုသတိရနေမလား
တစ်ခုခုလိုနေတဲ့ညနေစာထမင်းဝိုင်းလေး
စားပွဲအိုပေါ်မှာအကျဉ်းစံ..။

နှင်းငွေ့တို့ပွဲသိမ်းအကွက်နင်းချိန်တော့
ကျွန်တော့်ဆီကထွက်ခွာသွားသူတွေ
ကျွန်တော့်ထံပြန်လာကောင်းပါရဲ့
လမ်းတွေကအကွေ့ကွေ့အ၀ိုက်ဝိုက်
အကျပ်အတည်းဆီကိုဦးတည်သွား
ဘယ်ရနံ့ကများချောင်လည်လို့လဲ။

သမိုင်းဦးကနေ.....ဒီနေ့အထိ
အကြောင်းရာစုံပေါ်
အလွမ်းမွဲမွဲတွေရွာချနေရတယ်........။...............။



အောင်မှူးဝေ


၁၈.၆.၂၀၁၀

ကဗျာဆရာဟုခေါ်ဆိုခြင်းမပြုရနယ်မြေ(သို့မဟုတ်)အောင်မှူးဝေ

ကျွန်တော်တို့နယ်မြို့ကလေးမှာ
ဝါသနာတူတွေစုဝေးပြောဆိုကြတဲ့စာစကားပေစကားတွေရှိခဲ့ဖူးတယ်။
ကိုယွန်းအိမ်တို့၊သစ်မှိုင်းလွင်(ယောမြေ)တို့..ပြီးတော့သော်တာစံ၊မောင်ကိုမောင်၊ကိုဆူးချင်းတောင်ခြေ။
လူလတ်ပိုင်းစာရေးသူတွေ။
ကျွန်တော်တို့ကြိုက်တဲ့ကဗျာကိုဘာကြောင့်ကြိုက်တယ်ဆိုတာမျိုး.......
အက်ဆေးဆိုလည်းဘယ်သူရေးတာဘယ်လိုဖြစ်တယ်ဆိုတာမျိုး.......

စပ်မိစပ်ရာစာပေစကားလေးတွေပြောကြရင်းနဲ့
ကျွန်တော်တို့နောက်ကျောကိုကဗျာကဓားနဲ့ထိုးသွားတာမသိလိုက်ကြဘူး။
ကဗျာရေးရတာဝါသနာပါသွားကြပုံပြောပါတယ်။
အဲနှစ်ကာလတွေလွန်မြောက်ပြီး(၇)နှစ်လောက်ကြာတဲ့အခါမှာ...
ကျွန်တော်တို့တွေစာမျက်နှာတော်တော်များများပဲရေးသားပြီးကြပြီ၊ကိုယွန်းအိမ်တု့ကတော့အွန်လိုင်းပေါ်တင်ကြသတဲ့။
သော်တာစံတို့ကျွန်တော်တို့ကတော့နည်းပညာသိပ်မကျွမ်းသူတွေဆိုတော့မဂဇင်းတွေမှာပဲဝင်တိုးဖြစ်ကြပါတယ်။
မဆိုးပါဘူး။ခရီးတွင်သင့်သလောက်တော့တွင်ကြတာပါပဲ။



အရင်ကကဗျာဆရာလို့ခေါ်ရင်သဘောကျတဲ့ကျွန်တော်တို့ဟာအကြီးမားဆုံးပြောင်းလဲမှုနဲ့ကြုံနေရပါပြီ။
အခုကာလမှာကျွန်တော်တို့ကို
ကဗျာဆရာလို့ခေါ်ဆိုခွင့်မပြုတော့ပါဘူး။ဘာလို့လဲ...ကျွန်တော်တို့ကဗျာသမားတွေရဲ့ဘ၀ကလုံးဝ..
ကဗျာမဆန်ကြလို့ပါပဲ။ကိုယ်ရေးတဲ့ကဗျာလောက်မှကဗျာမဆန်တဲ့ဘ၀မှာဘာလို့ကဗျာဆရာအခေါ်ခံနေဦးမှာလဲဗျာနော့။
နှစ်ပေါင်း၂၀ကျော်ကဗျာဆန်ခွင်မရတဲ့နတ်ဆိုးတို့ရဲ့ဥယျာဉ်ထဲမှာကျွန်တော်တို့ဟာအဆိပ်ပင်စိုက်သူတွေလို့သူတို့ကထင်နေကြမှတော့...။
ကျွန်တော်တို့ကိုယ်ကျွန်တော်တို့
ကဗျာဆရာဟုခေါ်ဆိုခြင်းမပြုရနယ်မြေသတ်မှတ်လိုက်တာပဲကောင်းပါတယ်။
ကျွန်တော်တို့ဘယ်လောက် ကြိုးစား..ကြိုးစား
ကဗျာတွေကအင်္ဂါမစုံပဲမွေးဖွားလာကြတော့တာကိုက.....ဘယ်လောက်ကဗျာမဆန်လိုက်သလဲလို့..။




အောင်မှူးဝေ


၁၅.၆.၂၀၁၀

မှတ်ချက်။ ။စတိုင်သစ်မဂဇင်းမှာအဖြုတ်ခံလိုက်ရတဲ့အက်ဆေးလေးရဲ့အစိတ်အပိုင်းတစ်ခုပါ။

Tuesday, June 15, 2010

ဆရာ မြဆင့်ချယ် သို့(၂) နှစ်ပြည့် အလွမ်း စာစုများပေးပို့နိုင်

ဆရာ မြဆင့်ချယ် သို့(၂) နှစ်ပြည့် အလွမ်း စာစုများပေးပို့နိုင်

ကလေးမြို့ မှ ကွယ်လွန်သူ စာရေးဆရာ မြဆင့်ချယ်၏ ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ကျရောက်မည့် ၂နှစ် ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်သွားမည်ဖြစ်ပါ၍ အမှတ်တရ စာ/ ကဗျာ/စကား များကို kalay.328@gmail.com / trphee.91@gmail.com သို့ရေးသားပေးပို့နိုင်ပါသည်။

စာရေးဆရာ မြဆင့်ချယ်၏ ကိုယ်ရေး အကျဉ်း
အမည်ရင်း ၀င်းဗို(ခ) ၀င်းနောင်ဆင့် ဖြစ်သည်။ ၁၉၆၅ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက် ဗုဒ္ဓဟူးနေ့ တွင် စစ်ကိုင်းတိုင်း၊ကလေးမြို့ တွင် အဘ (ဦးဆင့်) အမိ (ဒေါ်တင်မြ) တို့မှ မွေးဖွားခဲ့သည်။ မွေးချင်း (၁၂) ယောက် အနက် (၈) ယောက်မြောက် သားဖြစ်သည်။
၁၉၈၁-၈၂-၈၃ တွင် တက္ကသိုလ်ဝင်တန်းကို ၀င်ရောက်ဖြေဆို၍ မအောင်မြင် သည့်နောက် ဘ၀မျိုးစုံတွင် ကျင်လည် ခဲ့သည်။ ထိုမှ စ၍ ၁၉၈၄ ခုနှစ်တွင် “နွေဆင့်ဆင့်နှောင်း” ဟု အမည်ရသော စာအုပ် အငှားဆိုင်ကို ဖွင့်လှစ်ခဲ့သည်။
၁၉၈၃ ခုနှစ် ဇူလိုင်လ ရုပ်ရှင် အောင်လံ မဂ္ဂဇင်းတွင် “ဂျူလီဆင်မြူရယ်” အချစ်ကဗျာဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၉၁ ခု ဖေဖေါ်ဝါရီလ လတွင် ပေဖူးလွှာ မဂ္ဂဇင်းတွင် အသက်အငယ်ဆုံး ကဗျာဆရာအဖြစ် “တစ်စုံတရာ” ကဗျာ ဖေါ်ပြခံရသည်။
၁၉၉၅ ခုနှစ် “ကလေး - နတ်ချောင်း” ရထားလမ်းဖွင့်ပွဲ အထိမ်းအမှတ် ကဗျာ ပြိုင်ပွဲတွင် “ရထားအမေ” ကဗျာဖြင့် ပထမဆု ရရှိခဲ့သည်။
၁၉၉၆ ခုနှစ် တွင်ပင် မီးရထား ၀န်ကြီးဌာနမှ ပြုလုပ်သော စာပေပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်၍ “ အလယ်က အသံ” ဟု အမည်ရသော ၀တ္ထူဖြင့် ဒုတိယဆု ရရှိပြီး စာအုပ်အဖြစ် ထွက်လာချိန်တွင် ထိုဝတ္ထူ ဖေါ်ပြခြင်း မရှိခဲ့ပေ။
ယင်းဆုပေးပွဲမှ အပြန် “ဆုခရီးစဉ်” ဆာင်းပါးကို ဆရာ မြတ်ခိုင်၏ မန္တလေးဂျာနယ် မဂ္ဂဇင်းတွင် ဖေါ်ပြပါရှိပြီး စာပေလောကကို ဂယက်ထ စေခဲ့သည်။ “မြဆင့်ချယ်” ဟူသော ကလောင်အမည်ကို လူသိထင်ရှား ဖြစ်စေခဲ့သော ဆောင်းပါဖြစ်ပြီး စာအိုးနှင့် ဗေဒါညိုတို့၏ ဝေဖန်ခြင်းကို ပြင်းထန်စွာ ခံရသူဖြစ်သည်။
၁၉၉၆ ခုနှစ် တွင် တတိယအကြိမ် မိုးမိုးအင်လျား အမှတ်တရ ရသ ၀တ္ထူတို ပြိုင်ပွဲတွင် “ခေါင်ခါးခါး” ဟူသော ကလောင်ခွဲဖြင့် နှစ်သိမ့်ဆု တက်ယူခဲ့သည်။ ၀တ္ထူအမည်မှာ “အဖြူအမည်း မြင်ကွင်းကျယ်” ဖြစ်သည်။
၁၉၉၆ ခုနှစ်တွင် မိုးကုတ်မြို့ စိန်ပန်းပြာ ကဗျာစာပေအသင်းမှ ပြုလုပ်သော အမေကဗျာ ဖိတ်ခေါ်ပြိုင်ပွဲတွင် တတိယဆု ကိုရရှိခဲ့သည်။
၁၉၉၈ ခုနှစ်တွင် ပဉ္စမအကြိမ် မိုးမိုးအင်းလျား ၀ထ္ထုတို ပြိုင်ပွဲတွင်“ဟိုဘက်လမ်းမှာ လူဆိုးတွေရှိတယ် နှင့်အခြားဝတ္ထုတိုများ” ၀ထ္ထုဖြင့် ဒုတိယဆုကို ရရှိခဲ့သည်။ ၁၉၉၉ ခုနှစ် ဆဌမအကြိမ် မိုးမိုးအင်းလျားဝထ္ထုတိုပြိုင်ပွဲတွင်“ခုခံအား ကျဆင်းသူများရဲ့ညနေ” ၀ထ္ထုဖြင့် အထူးဆုကို ရရှိခဲ့သည်။ ထိုမှစ၍ “စုကောက်စိမ်း(ကလေးဈေး)”ဟူသော ကလောင်အမည် ကိုမွေးထုတ်ခဲ့သည်။
၁၉၉၉ ခုနှစ် ရာပြည့်အကြို ဆရာကြီးဇေယျ အထိမ်းအမှတ် ပထမအကြိမ် ၀ါမိုးအောင် ၀ထ္ထုတိုပြိုင်ပွဲတွင် “ငှက်ကလေးတွေက တသုန်သုန်”၀တ္ထု စုကောက်စိမ်း (ကလေးဈေး) ၊ကလောင်ဖြင့် အထူးဆုရရှိခဲ့သည်။ ၂၀၀၀ ခုနှစ်သတ္တမအကြိမ်မြောက် မိုးမိုး(အင်းလျား)၀တ္ထုတို ပြိုင်ပွဲတွင် “ငှက်ခြေရာ လေမှာ ထင်စေတော့ရယ်လို့” ၀တ္ထုကို စုကောက်စိမ်း(ကလေးဈေး) အမည်ဖြင့်ပင် ဒုတိယဆု ရရှိခဲပြန်၏။
၂၀၀၂ ခုနှစ်တွင် ရွှေအမြုတေ ဦးဝင်းငြိမ်း ရွေးချယ်သည့် ဒုတိယအကြိမ် မြောက် အမေ ၀တ္ထုတိုပြိုင်ပွဲတွင်“ အနောက်ဘက် ကိုင်းနေသော သစ်ပင်များ” ၀တ္ထုကို ခေါင်းခါးခါး(ကလေး) အမည်ဖြင့် အထူးဆု ရရှိခဲ့သည်။
သူ၏အခြားကလောင် အမည်များမှာ သူးသူးလှည့်၊သိခက်သွေ၊ ရှိလက်ရွှေ၊ လက်စွမ်းချို၊ စွန်းဦးတင်၊ စစ်မြချို ၊လေညှင်း(ကလေး)၊ ညီညိုညက်၊ စစ်အောင်နိုင်၊ လေးလေးချော ၊ သမီးချော(ချင်းတောင်ခြေ)၊စိုမြလွင်၊ သင့်ကိုယ်စေ၊မြမောင်းချိန်၊အိုအိုခေါင်၊မြခေါင်စု၊ရိုးရိုး(ကလေး)၊စီဆီယီရီ၊စသည့် ကလောင်ခွဲများစွာဖြင့် ရေးသားခဲ့သည်။
သူ၏နောက်ဆုံး ရေးသားခဲ့သော စာမူမှာ “အိပ်မက် ဖူးကို တူးဖော်ကြသူများ” ဆောင်းပါးဖြစ်ပြီး ၂၀၀၈ ဇူလိုင်လထုတ် မြန်မာ့ ဓန မဂ္ဂဇင်းတွင် မျက်နှာဖုံးဆောင်းပါး အဖြစ်ပါရှိခဲ့သည်။
မြန်မာ့ဓန မဂ္ဂဇင်းမျက်နှာဖုံး ဆောင်းပါးအဖြစ် (၃) ကြိမ်မြောက် နောက်ဆုံး ဆောင်းပါးဖြစ်သည်။
ပထမအကြိမ်မှာ“နယ်စပ်မျဉ်းပေါ်က ငွေနှင်းမှုန်မှုန် နန်းဖာလုံနှင့် ရင်ခုန်ရသော အခြားဝတ္ထုတိုများ”(၂၀၀၂ ခုနှစ်မတ်လ)
ဒုတိယအကြိမ်မှာ “ချင်းတောင်ခြေသွားတောလား” ၂၀၀၂ ခုနှစ် ၊ဇူလိုင်လ တွင် မျက်နှာဖုံးဆောင်းပါး အဖြစ် ပါရှိခဲ့သည်။
သူ၏အကြိုက်ဆုံး စာရေးဆရာမှာ သိန်းဖေမြင့် ဖြစ်ပြီး အကြိုက်ဆုံး နိုင်ငံတကာ စာရေးဆရာမှာ ဂျွန်စတိန်းဘက် ဖြစ်သည်။ အကြိုက်ဆုံး စာအုပ်တစ်အုပ်မှာ မောင်လွန်းကြင်၏ “မေတ္တာ မြနှင်းရည် နှင့် အခြားဝတ္ထုတိုများ” စာအုပ်ဖြစ်သည်။
၂၀၀၈ ခုနှစ် ရွှေ အမြုတေ ၀တ္ထုရှည်စာပေဆု“ အာရုံများရဲ့ အာရုဏ်ဦး” ၀တ္ထုကို ခေါင်ခါးခါး(ကလေး)ဖြင့် ရရှိခဲ့သည်။
၁၉၉၉ ခုနှစ် နိုဝင်ဘာတွင် သာသနာ့ဘောင်သို့ ၀င်ခဲ့ပြီး ဦးဝိမလဘွဲ့တော်ဖြင့် သက်တော်(၄၄) နှစ် သိက္ခာတော် (၉)၀ါ၂၀၀၈ ခုနှစ် ဇွန်လ (၁၇)ရက် ည (၁၀း၃၀) တွင် (၉၆) ပါးသော ရောဂါဖြင့် ကလေးမြို့သံဃာ ဆေးရုံ၌ ပျံလွန်တော်မူ သည်။ မြဆင့်ချယ် (ခေါ်) ဦးဝိမလသည် ၂၀၀၈ ခုနှစ်ရွှေအမြုတေ စာပေဆုပေးပွဲ တက်ရောက်ရန် ဖိတ်ကြားခြင်း ခံရပြီး ဆုပေးပွဲ ကျင်းပရက် မတိုင်မီ ရက်ပိုင်းအလို၌ ဘ၀နတ်ထံ ပျံလွန်တော် မူခဲ့ခြင်းဖြစ်သည်။


မငွေ
ရေးသူ မြဆင့်ချယ်

မငွေ မငွေ
ခင်ဗျားက……ကံကြမ္မာကို မယုံဘူး
ဘာသာရေးကို ….အလေးမထားဘူး
ဆွေမျိုးတွေနဲ့ဝေး……၀န်းကျင်းကို အရေးမလုပ်ဘူး။

ခင်ဗျားက
ပတ်ချွဲနပ်ချွဲနဲ့
ကောင်းကောင်းယုယပြတတ်တဲ့
ယောင်္ကျားတွေကိုပဲ အားထားတယ်

မငွေ…..
ခင်ဗျားက
ခင်ဗျား တွေ့ဖူးတဲ့ ယောင်္ကျားတွေနဲ့
ခင်ဗျားအတွက် မှားသလား…..မှန်သလား
ကျွန်တော်မစဉ်းစားမိပေမယ့်
ကျွန်တော့ အတွက် ခါးသီးရတယ်ဆိုတာတော့
အားနာနာနဲ့ ပြောပါရစေ။

မငွေ….
ခင်ဗျားက ယောင်္ကျားတွေကို ငွေနဲ့ပေးဝယ်တယ်
ခင်ဗျားမလိုချင်တဲ့အခါ
ပြန်ရောင်းထုတ်လို့ ရဖူးပါသလား

မငွေ….
မမြင်ရတဲ့ အရာတွေကို
ဘာလို့များ ချောင်းကြည့်နေတာလဲဗျာ
မမြင်ရတဲ့ အရာတွေကြား
လေ…..ပြီးရင်တော့ ယောင်္ကျားတွေပါ။

မငွေ….
ကျွန်တော်အရက်ကြိုက်တော့
ခင်ဗျားက အရက်ဝယ်တိုက်တယ
ကျွန်တော် အလုပ်မရှိတော့
နေ့စဉ် အသုံးစရိတ် ထုတ်ပေးမယ်။
တောင်းမှာ အကွပ်ဆိုပြီး
ကျွန်တော့ကို အ၀တ်တွေ ဆင်ပေးတယ်။
ဒါပေမဲ့…..

ခုတော့
ခင်ဗျားက
ယောင်္ကျားတွေကို အကြိုက်လိုက်လိုက်ပေးရင်း
ယောင်္ကျားတွေကို အရွဲ့တိုက်တိုက်ပြေးရင်း
ခင်ဗျားထိုးပေးတဲ့ ပါးကလေးကို
ကျွန်တော် မွှေးမွှေးမပေးဝံ့ ခဲ့ဘူး
ကျွန်တော့်ဘ၀ကို ကျွန်တော်တွန့်တိုတော့
ခင်ဗျားငိုပြန်ရော
ဒါမျိုးကိစ္စဆိုတာ သနားလို့မှမရတာ။

မငွေ….
ခင်ဗျားက
ယောင်္ကျားတွေကို ယောင်္ကျားတွေနဲ့ အရွဲ့တိုက်တယ်။
ယောင်္ကျားဆိုတာက
မိန်းမတွေ အရွဲ့တိုက်ဖို့ရာ
လိုက်ဖက်တဲ့အရာ မဟုတ်မှန်း
ခင်းဗျား ဆန်းစစ်ခဲ့ဖို့ကောင်းတာပေါ့။
လှည်းနင်းခံနေရတဲ့ ခွေးအမကြီးနှယ်
မရှူနိုင်မကယ်နိုင် ဒုက္ခရောက်တော့
ဘယ်သူက တစ်ခေါက်လာတွေ့ဖူးပါသလဲ။

တစ်ခါတစ်ခါတော့
သတိရပါတယ်…မငွေ
လွမ်းတယ်လို့တော့ ဟုတ်ဘူးပေါ့ဗျာ
ကျေးဇူးတင်စရာတွေက အများသား
ကျွန်တော်….မူးယစ်ဆေးဝါးသားကောင်ဘ၀နဲ့
ခွေးလိုတောင် မဟောင်နိုင်တဲ့ဘ၀မှာ
ခင်ဗျားက အိမ်ပေါ်ခေါ်ပျော်အောင်ထား
စားချင်တာဝယ်ကျွေး
“အေး…..မင်းဆေးဖြတ်ရမယ်”ဆိုပြီး
ကျွန်တောဘ၀ခရီးကို တဆစ်ချိုးပေး
အမေ့ရဲ့ ဒုက္ခအိုးကလေးလို သဘောထားလို့
ကိုယ့်သွေးသားနှယ် ပြုစုခဲ့တာတွေလည်း
ခုထိ….မေ့ပါဘူးဗျာ။

ငါ့မောင်….ငါ့မောင်….နဲ့
ခင်ဗျားထောင်သာကျသွားတယ်
ခင်ဗျား ကျွန်တော့်ကို ရမသွားဘူမို့လား။
ခင်ဗျားတွေ့ဖူးတဲ့ ယောက်ျားတွေနဲ့
ကျွန်တော့ကို တစ်တန်းတည်း ထားခဲ့ပေမယ့်
ခင်းဗျား…..အားစိုက်ခဲ့ရတာပဲ အဖတ်တင်တယ်
မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့
ခင်ဗျားကို….ကျွန်တော် ချစ်ကြည့်ခဲ့ဖူးပါတယ်
ဖျစ်ညှစ်ပြီးကို ….ကြိုးစားချစ်ကြည့်ခဲ့ဖူးပါတယ်။

ဒါပေမဲ့…
ကျွန်တော် ချစ်ချင်စရာလို့
ခင်ဗျားမှာ အသံလေးတောင် မရှိခဲ့ဘူး၊
ဘုရားစူးစေံ
ရင်တောင် ငွေ့ငွေ့မခုန်ခဲ့ပါဘူး
စက်ဘီးတစ်စီးတည်း တူတူမစီးရဲအောင်ကို
ခင်ဗျားကို ကျွန်တော် ချစ်မရခဲ့ဘူး။
ခင်ဗျားကို ကျွန်တော် ချစ်မရခဲ့ပုံများ
ခုနေ….ပြန်တွေးတာတောင်
ယောင်ယောင်လေးမျှ ချစ်မရသေးပါဘူး
ခင်ဗျားကြီး ကျွန်တော်မချစ်ဘူး။

မငွေ…ရာ
ယောင်္ကျားတွေရဲ့ ပလီပလာအပြောကို
တော်တော်မနောခွေ့ကိုး
ယောင်္ကျားတွေ တစ်ယောက်ပြီးတစ်ယောက်
ခေါင်း…..ခေါက်…..ခေါက်…ခေါက်ပြီး
ငွေနဲ့ပေါက်ဝယ်ထားခဲ့ပုံများ
ဟော…တစ်ယောက်ဟော…တစ်ယောက်
စိတ်ဆိုးရင်လည်းဆိုးဗျာ
လင်ကုန်ကူးနေသလား အောက်မေ့ရ
အားကိုးလောက်တဲ့ယောက်ျားဆိုလို့လည်း
ယောင်္ကျားဖြစ်နေတာတွေပဲရှိခဲ့တယ်။

မငွေ ….
ခင်ဗျား အိမ်ထောင်ရှိချင်တာလား
ကာမပိုင်လင်ယောင်္ကျား အနားမှာထားချင်တလား
အိမ်ဦးနတ်အဖြစ် ကိုးကွယ်ချင်တာလား
အဆွေခင်ပွန်း အဖြစ် ပေါင်းသင်းချင်တာလား
ခင်ဗျားကိုယ်ခင်ဗျား မေးကြည့်ဖူးပါသလား။
ယောင်္ကျားတွေဆိုတာက
အဆာပြေစားရတဲ့ မုန့်တစ်မျိုးမှ မဟုတ်တာ၊
ယောင်္ကျားဆိုတဲ့ မြေလွှာတွေကို
ခင်ဗျားဘယ်လောက်ထိ
နက်နက်တူးသွားနိုင်ခဲ့ပါသလဲ
ခင်ဗျား ဘယ်လောက်ထိ နားလည်သွားခဲ့ပါသလဲ
သေချာတာကတော့……
ခင်ဗျား ကျွန်တော့်ကို ခံစားလို့ရမသွားဘူးမို့လား။
လှည့်ရှာဖောက်ပြားစရာချည်း။

ကျွန်တော်လည်း
ယောင်္ကျားစစ်စစ်ကြီးပါဗျာ
ပက်ပက်စက်စက်
မြက်မြက်ကလေး ချစ်တတ်တာပေါ့။
ဘာဆန်းလဲဗျာ
ယောင်္ကျားတစ်ယောက်အတွက်ကတော့
ချစ်ရမ္မက်ဆိုတာ
တံတွေးပစ်ကနဲ ထွေးရသလောက်ပဲမဟုတ်လား
အားတော့နာပါရဲ့
အဝေးကြည့်ဘ၀နဲ့လည်း
တမြမြ တသသ တန်ဖိုးထားလို့ရတာပေါ့။
ယောင်္ကျားဆိုမှတော့
ဖောက်ပြားမယ် ဆိုလည်း
ထောက်ထားမယ် ဆိုလည်း
ငဲ့ညှာထောက်ထားစရာချည်း
လိင်ထီးဆိုတဲ့ နာမကို
တည့်တည့်ကြီး ခ၀ါချရင်
ဘာမှမကျန်ပါဘူး
ရိုးရိုးကလေးနဲ့ ဆန်းနေတာကို
ခင်ဗျားမို့ ရှူးနှမ်းခဲ့ပုံများ
ပြောရတာတောင် အားနာစရာ
ခုတော့လည်းဒါတွေပြီးခဲ့ပြီပေါ့။

မငွေ……
မိုးတွေ တသုန်သုန်စွေနေပေါ့
လေပြည် လေပြင်းတွေ စင်ပေါ်တက်နေပေါ့
လျှပ်စီးတွေ ကဲကဲ လောင်လောင်မှာ
ငါ့မောင်….ငါ့မောင်…ဆိုတဲ့
ရမ္မက်အရောင်တွေနဲ့ အသံထူထူဟာ
ခုတော့လည်း လူသူနဲ့ဝေး
အားပေးဖော်ဆိုတာ သောကတင်းကျမ်းတွေလား
ခင်ဗျားသေသွားပြီလို့ သတင်းကြားရတဲ့ညက
ကျွန်တော် အရက်၀၀သောက်နိုင်ခဲ့တယ်။
ခင်ဗျားထိုးထိုးပေးခဲ့တဲ့ ပါးနှစ်ဖက်ဟာ
ခုတော့လည်း အကောင်းစား အမြည်းတစ်ခွက်ပေါ့
ဆားတော့ နည်းနည်းငန်တယ်။

ပြစ်မှုကြွေး ချွေးနဲ့ဆပ်ရင်း
ပြတ်တောက်သွားခဲ့ရတဲ့ ကြိုးတစ်ချောင်းဟာ
သုံးလွန်းတင်ခဲ့ရတာပဲ အဖတ်တင်ခဲ့တယ်။

လွမ်းဆွတ်ပါပေရဲ့
တစ်ခါတစ်ခါတော့
ခင်ဗျားအကြောင်း အချိန်ပေးပြီး
တွေးငေးမိတတ်ပါတယ်။

ဆူဖြိုးနေတဲ့ ခင်ဗျားရဲ့ အတွေ့အထိမှာ
အူရိုးလှတဲ့ ကျွန်တော့ အတွက်တော့
အငွေ့သွေ့သွေ့လေးပဲ မွေ့ပျော်နိုင်ခဲ့တာ
ခုတော့လည်း အားနာတယ်ဆိုတာ ထက်အားနာ
စကားရှာမရတော့ပါဘူး။

မငွေ……
တပ်မက်မှု တဏှာဆိုတာ
ဒုက္ခအားလုံးရဲ့ အရင်းအမြစ်တဲ့
လူသားအရင်းအမြစ်ကြီးထဲ
အပါအ၀င် ဖြစ်နေရတဲ့
ခင်ဗျားနဲ့ ကျွန်တော့မှာလည်း
ဒုက္ခဆိုတာကြီးနဲ့ တရင်းတနှီးပေါ့။
ဒါပေမဲ့….
ခင်ဗျားက လွန်လွန်းတယ်
ဒုက္ခကို ငွေပေးဝယ်တဲ့အထဲမှာ
ခင်ဗျားက ထည်လဲထည်ဝတ်ပေါ့။

မငွေ…….
ခင်ဗျားက ယောင်္ကျားဆိုတဲ့ သေတ္တာကြီးထဲမှာ
အမြဲခိုအောင်းလို့
အသေခတ်ထားတဲ့သော့နဲ့
တည့်တည့်ကြီးမှောင်မည်း။
ဆာလောင်ခြင်းသာ
အကောင်းဆုံး ဟင်းလျာတဲ့
ယောင်္ကျားဆို ဟင်းလျာမှမဟုတ်ပဲ
ဒါပေမဲ့ ခင်ဗျားအမြဲဆာလောင်ခဲ့တယ်။
လူဆိုတာ အံ့သြမှုကို နှစ်သက်ကြ
အဲဒီ အံ့သြမှုကပဲ သိပ္ပံဖြစ်ထွန်းမှုရဲ့ မျိုးစေ့တဲ့
မငွေရေ……
ခင်ဗျား အံ့သြခဲ့တာက ယောင်္ကျားတွေပေါ့
အံ့သြပြီးရင်းအံ့သြ
ခင်ဗျားမို့ မမောနိုင်ခဲ့တယ်။

မှတ်မိသေးတယ်
တစ်ညသားမှာ
ခင်ဗျားက ကျွန်တော့ကို အရွဲ့တိုက်ပြီး
ခင်ဗျား ကြိုက်တတ်တဲ့
ယောက်ျားတစ်ယောက်ကို ခေါ်လာ
ကျွန်တော် ပျော်ဖို့ဆိုပြီး
ခင်ဗျားရဲ့ လက်သပ် မွေးလေးနဲ့ လွှတ်ပေး
အေးဗျာ….
သွေးသားအတွက် သက်သက်ဆိုရင်တော့
နံပါတ်ဖိုးရောင်းတယ်ဆိုတဲ့
ခင်ဗျားအိမ်ပေါ် တက်နေပါ့မလား
ဆရာမာန်မြင့်ရဲ့ ခြင်တောင်ထဲမှာ
ကျွန်တော်“ခြင်မ”တောင် မသန်းပါဘူး
ခင်ဗျားကတော့ ခြင်ဖိုချောချောကြီးနဲ့
အရင်လိုပဲ အံ့သြပြီးရင်းအံ့သြလို့။

အချစ်ဆိုတာ
တံခါးတစ်ချပ် မဟုတ်လေတော့
ပွင့်ချင်မှလည်း ပွင့်မှာပေါ့။
ရမ္မက်ဆိုတာကတော့
မီးခလုတ်ကလေးပါ
မီးလင်းတာ မလင်းတာအပထား
ခလုတ်ကလေးကို ကစားနေလို့ရတာပေါ့
ခင်ဗျားက အားကြီးလက်ဆော့တယ်။

ဒါပေမဲ့…..
ခင်ဗျားဆီက စကားတစ်ခွန်းကိုတော့
ကြိုက်လွန်းလှခဲ့
ကဗျာတွေ စာတွေဆိုတာထက်
မေတ္တာဓါတ်ကသာ
လူတွေကို ကြည်နူးစေတာပါတဲ့။
အဲ့ဒီညက ကျွန်တော်က စာထိုင်ရေးလို့
ကျွန်တော့်ဘေးမှာ ခင်ဗျားက
အားရပါးရကြီးလဲလျောင်းလို့ ဖိုသီဖတ်သီ
ကလောင် အချက်ချက် တို့နေခဲ့ပေမယ့်
ခင်ဗျားရဲ့ ဆူဖြိုးလှတဲ့ခန္ဓာကိုယ်ကြီးကိုတော့
ယောင်လို့တောင်
တစ်ချက်မှ မတို့ခဲ့ဘူးမို့လား။

ခုတော့…..
ခင်ဗျား အကြောင်းတွေ ကဗျာ အဖြစ်ရေး
အနုပညာ ခံစားသူတွေကို
ပေးနေဖြစ်ပြီပေါ့။
တကယ်တော့….
ခင်ဗျားက
ကဗျာတစ်ပုဒ်မှ မရေးတတ် မဖတ်တတ်ခဲ့ပေမယ့်
ခင်ဗျားကိုယ်၌က
ကဗျာ တစ်ပုဒ်ဖြစ်နေခဲ့တယ်။
ကျွန်တော် ကိုယ်၌ကတော့
ကဗျာ တစ်ပိုဒ်တောင် မဖြစ်ခဲ့ပါဘူး။

ခုတော့…..
ခင်ဗျားနဲ့ ကျွန်တော်ပေါင်းမှ
ရှားရှားပါးပါး တစ်ပုဒ်ဖြစ်ခဲ့ရတဲ့
ကဗျာရှည်ကြီး အဆုံးသတ်တော့
ခင်ဗျားက မြေကြီးထဲမှာ ပျောက်ကွယ်သွားခဲ့ပြီ
ဒါပေမဲ့…
မြေကြီးပေါ်က လွတ်မြောက်သွားတဲ့ မငွေလို့ပဲ
ကျွန်တော် ဂုဏ်တင်ပေးလိုက်ပါပေရဲ့။

ကြီးကြီးကျယ်ကျယ် ပြောရရင်တော့
လူမှုကလာပ်စည်း ဆိုတာကြီးကို
ကျွန်တော်က စိတ်ဝင်စားတယ်။
ခင်ဗျားက…
ဖို-မ ဆိုတဲ့ အာသာဆန္ဒမှာ
ဆောင့်ကြောင့်ထိုင်လို့။

မငွေရေ….
အချို့က မြင်ယုံနဲ့ ယုံကြ
အချို့က ကြားယုံနဲ့ ယုံကြ
ကျွန်တော်ကတော့ တွေ့ထိခွင့်ရမှ ယုံချင်ပါတယ်။
ခင်ဗျားကို မယုံခဲ့တာတွေ
တွေ့ထိခွင့် ရခဲ့လို့ပေါ့။
ခင်ဗျားနဲ့ အနေကြာတော့
ဘာပဲဖြစ်ဖြစ်
ချစ်တာ မချစ်တာ အပထား
ကျွန်တော့ရဲ့ ဇနီးမယားအဖြစ်
သီးခြားဘ၀လေး ထူထောင်ပေးဖို့
စိတ်ကူးတွေ ဖောင်ဖွဲ့ဖူးပါရဲ့
ဒါပေမဲ့ဗျာ…..
ခင်ဗျားက စိတ်အလိုလိုက်လွန်းလှ
အဲ့ဒီစိတ်နောက်…..
ခင်ဗျားက စိတ်အလိုလိုက်လွန်းလှ
အဲ့ဒီ စိတ်နောက်
ခင်ဗျား ခန္ဓာကိုယ်ကြီး ပါပါသွားတော့
ကျွန်တော်က နာရမှာလား
အသာကြည့်နေရမှာလား
သွေးသားကိစ္စဆိုတဲ့ အမှောင်နက်နက်မှာ
ကျွန်တော်ကြောင်စီစီကြီးဖြစ်ခဲ့ရ။

ည…ည….
ခင်ဗျားက ယောင်္ကျားတွေအကြောင်းပြောတယ်
ပထမ၊ဒုတိယ၊တတိယ၊
တရားမ၀င်တဲ့ ခဏဧည့်သည်တွေအကြောင်း
ကျွန်တော်က ချောင်းဆိုးတိုင်း အိပ်မပျော်
ဖိတ်ခေါ်မှုတွေသာ လက်ပန်းကျ
ခင်ဗျား သက်ပြင်းချသံတွေရဲ့ ပဲ့တင်မှာ
ကျွန်တော်စိတ်ကုန်လာခဲ့ပေါ့။

ဒါပေမဲ့……
မိုးလင်းလို့ မနက်ရောက်တော့လည်း
ငါ့မောင်….ဘာသောက်မလဲ
ငါ့မောင်…ဘာစားမလဲ
ငါ့မောင်…ဘာဝယ်စရာရှိလဲနဲ့
ပျာပျာသလဲ အမူအရာမှာ
အစ်မတစ်ယောက်လို ခင်တွယ်သနား
ခင်ဗျားနားက မခွာဖြစ်ခဲ့ပြန်ဘူး။

ပတ်ဝန်းကျင် အမြင်မှာတော့
ခင်ဗျားနဲ့ ကျွန်တော်က
လင်မယား ပီပီသသကြီးပေါ့
တကယ့်တကယ် အိပ်ရာပေါ်မှာတော့
ခန္ဓာကိုယ်ချင်း မနီးခဲ့ကြတဲ့
မီးသေနေခဲ့ ဖို-မ ဓါတ်တွေ။

မငွေရေ…..
ခုလို မိုးမှာ ခင်ဗျားကို သတိရပေါ့
ငါ့မောင်….ထီးဆောင်းသွား
ငါ့မောင်…ကော်ဖီပူပူလေးသောက်လိုက်
ငါ့မောင်…နှစ်ပက်လောက် ချချင်ချလိုက်လေနဲ့
မိုးစွေစွေ အခန်းကျဉ်းကျဉ်းမှာ
သွေးသားချင်း မနီးစပ်ခဲ့တာကလွဲလို့
ကျွန်တော့်စိတ်တွေ လွန်ဆွဲခဲ့ရပုံ။

ဘာပဲဖြစ်ဖြစ်…..
ခင်ဗျားကို ချစ်ပစ်လိုက်ရတော့မလား
စဉ်းစားလွင့်မျော မောစမှာပဲ
ခင်ဗျားက ဇာတိပြလာတယ်
တစ်ညသား မိုးမည်းမည်းမှာ
ခင်ဗျားကြိုက်တတ်တဲ့ ယောင်္ကျားတစ်ယောက်ကို
အတည်ပေါက်နဲ့ အိမ်ခေါ်လာတယ်။

ကျွန်တော်သိတာပေါ့ မငွေ
အဲ့ဒီလူဟာ ဘာလဲ

မကြာပါဘူး
၁၉၉၄…
ခွေးပြေးဝက်ပြေး
မူးယစ်ဆေး ရောင်းစားနေတဲ့ခင်ဗျား
သံတိုင်တွေကြားရောက်သွားတော့
ခင်ဗျားအနားမှာ ဘယ်သူမှ မရှိခဲ့ဘူးမို့လား။
မြင်ယုံနဲ့ပဲ သိခဲ့ပါတယ်
သူ့ရဲ့ အလုပ်အကိုင်က ယောကျာင်္းပိုင်းလုံးတဲ့။
အပြုံးချိုတယ်….
စကားချိုတယ်…
ပြောရရင်…
ခန္ဓာကိုယ်ကလည်း ယောင်္ကျားပီသတယ်ပေါ့
မိန်းမတွေရဲ့ အကြောကို နေကျေနေသူပေါ့။
မိန်းမ(ခင်ဗျားလို)တွေကို
လိုချင်တာပေးပြီး
ရချင်တာဆို အဆစ်အပိုပါယူယူသွားတတ်သူပေါ့။
ကျွန်တော်က တားပါသေးတယ်
ခင်ဗျားက အပြင်မှာတွေ့နေတာကြပြီတဲ့။
ကျွန်တော်ကတားပါသေးတယ်
မင်းက ငါ့မောင်လေးပဲတဲ့။
ကျွန်တော်က တားပါသေးတယ်
ဒီလို ကိစ္စမျိုးက မင်းနဲ့မှ မဆိုင်တာတဲ့။

ဒီလိုနဲ့…..
အဲ့ဒီညက
အစ်မအိမ်က စိတ်ဆိုးပြီးဆင်းသွားတဲ့
မောင်လေးက ကျွန်တော်ပေါ့။

အဲ့ဒီက အစ….
ခင်ဗျားအိမ်ဘက် ခြေဦးမလှည့်တော့တာ
ကျွန်တော်ကလည်း
လူကောင်းတစ်ယောက် ဖြစ်ခဲ့ပြီလေ။
ခင်ဗျားမောင်ဆိုတဲ့ ကျွန်တော်တော်
ယောင်လို့မှ တစ်ခေါက်လာမတွေ့
ခင်ဗျားဘ၀ရဲ့ အချိုးအကွေ့အသစ်
“ထုံးဘို” မှာလူသွားဖြစ်တော့
ဘ၀ခြားခေတ်ခြား
အချစ်နဲ့ ရမ္မက် ဆိုတာတွေလည်း
အားလျားမှောက်ခဲ့ရပြီပေါ့။

တစ်ခါ….
မကြာပြန်ပါဘူး
ပြစ်မှုကြွေးမှာ ချွေးတွေနဲ့ ဆုံးပြီတဲ့
ကျွန်တော် အပြုံးမပျက်ခဲ့ပါဘူး
ခင်ဗျားတို့လို ဘ၀တွေက
ဒီလိုပဲ လုံးပါးပါးရမှာကိုး
ကိုယ်ပြုသမျှ ကိုယ်ပြန်ခံရတာပဲလေ။
ခင်ဗျားတို့ကြောင့် ဘ၀ပျက်ပျက်သွားရတဲ့
လူငယ်လေးတွေရဲ့ မျက်နှာကိုသာ
ကျွန်တော်စာနာမြင်ယောင်နေပေါ့။

သွားတော့….မငွေ
ကောင်းရာ သုဂတိ လားပေါစေလို့လည်း
ကျွန်တော် ဆုတောင်းမပေးလိုက်တော့ပါဘူး။
ကျွန်တော်ပြုသမျှ ကုသိုလ်တွေကိုလည်း
ခင်ဗျားကို မပေးလိုက်တော့ပါဘူး၊
ကျေးဇူးက ကျေးဇူး….
ပြစ်မှုက ပြစ်မှု…..
ခင်ဗျားလို အကုသိုလ် တင်းကျမ်းတွေနဲ့
ခင်ဗျားလမ်း ခင်ဗျား ရွေးသွားတာမို့လား။

သွားတော့….မငွေ
မငွေ….သွားတော့
ပေါ့ပေါ့ပါးပါးပဲ နှုတ်ဆက်လိုက်ပါတယ်။

(၁၉၉၁- အကြွေးမကျေခဲ့သော နေ့ရက်များသို့…….)


မြဆင့်ချယ်
ကြီးပွားရေးလမ်းညွှန်ဂျာနယ်၊အောက်တိုဘာလ၊၂၀၀၀ ခုနှစ်

ဆရာ မြဆင့်ချယ် အမှတ်တရ ကို www.kalaytownship.co.cc မှ ကူးယူဖော်ပြပါတယ်။ စိတ်ဝင်စားမယ့် ဘော်ဒါတွေအတွက်ပါ။ (လမင်းအို)

ရင် တနင့်နင့်

နေ့ရောညပါ......

စိတ်မလာတဲ့အလုပ်တွေမိုးခြိမ်းသလိုခြိမ်းလို့

ဝါသနာနဲ့အနေစိမ်းသွားတဲ့သူငယ်ချင်းတွေအတွက်

ကျွန်တော်ဖယ်ပေးလိုက်ရတဲ့နေရာများစွာရှိရဲ့

ချစ်သူလည်း...

ဒီနည်းနဲ့သူများနောက်ပါသွားခဲ့တာပဲ..။

စိတ်မသက်သာစရာတွေကိုသီးသန့်

ဖိုင်တွဲထားရတာဘ၀လား

နှလုံးရောဂါဖဲပြားလေးနဲ့ချည်နှောင်ထားပြီးပေါ့

လုပ်ချင်တာနဲ့

လုပ်ခဲ့ရတာတွေ
အကွာအဝေးဘယ်လောက်ရှိမလဲ

ကျွန်တော်မစဉ်းစားချင်ဘူး

ပေးနိုင်သလောက် ပေးပြီးသွားတဲ့အခါ

ဝေးနိုင်သလောက် ဝေးအောင်ပြေးထွက်ဖို့

သံယောဇဉ်ကြိုးဝိုင်းထဲကလေ

သတ်ကွင်းတွေကိုကျွန်တော်ဖြတ်နေတယ်...။ ။



အောင်မှူးဝေ

၁၃.၆.၂၀၁၀

ဒဂုံတောင်

မနက်မိုးမလင်းသေးဘူး.......
အလုပ်ဇယားကမျက်နှာသစ်နေပြီ
တစ်လုံးချိုင့်တွေထဲ
ရောင်စုံအာဟာရများခုန်ချ.....။

ကားတိုးစီးတော့လည်း
အိမ်ကရနံ့ပျောက်သွားပြန်တာပဲ
သူများရေမွှေးနံ့ ကိုယ့်ရေမွှေးနံ့ဖြစ်လိုဖြစ်
သူများဆွဲခြင်းကိုယ့်ဆွဲခြင်းဖြစ်လိုဖြစ်
သူများရင်သွေး ကိုယ့်ရင်သွေးဖြစ်လိုဖြစ်
ခရီးတာတိုပေမယ့်
နာရီနဲ့အမျှနက်နဲတယ်
ဘ၀တစ်ခုက ဘ၀တစ်ခုကို
နွယ်လိုပတ် ကြိုးလိုချည်
အခက်ခဲတစ်ခု ကအခက်ခဲတစ်ခုကို
မြွေဆိုးလိုကိုက်ခဲ
ရုပ်သေးပွဲထဲရောက်နေတဲ့ ဒဂုံတောင်ဟာ
စပယ်ယာစကားလုံးတွေထဲရေတိမ်နစ်ရတာ
ပျော်တယ်........။

ညနေ..ညနေဆို
အစင်းရာ အခြစ်ရာဗရပွနဲ့
ဒိန်ခဲတစ်ခုကနေဒိန်ခဲတစ်ခုဆီကူးလိုက်ဖို့
ရီမုကွန်ထရိုးလ်ကိုအငိုက်ဖမ်းနေတဲ့
ခပ်ကြမ်းကြမ်း ဗွီစီဒီမလေးတွေ
ဓာတ်တိုင်အောက်မှာ
ကြွေတလွင့်လွင့် မွှေးပျံ့နေတဲ့နေရာ....။
စာအုပ်ရောင်းရင်း
အနုပညာဗီဇတွေယားနေတဲ့
စာပေမွေ့သူဆရာဝန်ကြီး
ရသစာတွေစိုက်ပျိုးနေတဲ့နေရာ..။
မလိုချင်သူကလွှင့်ပစ်လိုက်တာကို
ကောက်ရသူကအမြတ်တနိုး
မှန်ကောင်တာထဲထိုးလို့
ရှိုးစမိုးထုတ်ပြနေတာလည်းသူပဲ..။
စက်မှုဇုန်ထဲ ၀ါးလုံးထိုးဝင်သွားတဲ့လူအုပ်
ရေခဲထုပ်တွေ ရင်ထဲထည့်မသွားတာကို
ဆက်လက်ဖော်ပြပါမည်ပြောတာလည်းသူပဲ။
တစ်ခြမ်းပဲ့အိပ်ရာလေးပေါ်မှာ
အမေအိမ်ပြန်မအိပ်လို့
တိတ်တိတ်ကလေးကြိတ်ငိုနေတဲ့
ဝဲထူကောင်လေး ကောင်မလေးများရဲ့
အိပ်မက်ဆွေးဆွေးတွေ
အခြေနေအရအပြောင်းလဲရှိနိုင်ပါသည်
ပြောတာလည်း သူပဲ။
စက်မှုဇုန်ထဲက ၀ါးလုံးသိမ်းပြန်ထွက်လာတဲ့လူအုပ်
အတင်းတုပ်လာကြတာကို
မလှုပ်တမ်းနားထောင်တတ်တာလည်းသူပဲ။
ပျားရည်ထဲသကြားတွေရောနေသလို
အကောင်းထဲမှာအဆိုးတွေရောရောပြီး
အတောမသတ်ချစ်မက်ဖွယ်ရာစာရင်းကို
ရင်ဝယ်ပိုက်ထားတာလည်းသူပဲ။
ဒဂုံတောင်...........ဒဂုံတောင်
သြော်......ဗုံယောင်ဆောင်ထားတဲ့ မြို့သစ်
အရက်ဆိုင်အစ..အင်တာနက်ဆိုင်အဆုံး
သိုးတွေလို မိုးအေးရင်
နွေးထွေးရာဆီစုစုလာတတ်တဲ့
လူ့ဂီတစစ်စစ်တွေ သံစုံကျူးရာအရပ်
ထပ်မံဖြည့်စွက်စရာတွေရှိနေဆဲ
သက်ရှိအဘိဓာန်တစ်အုပ်ပီသတယ်.....။ ။


အောင်မှူးဝေ


၁၄.၆.၂၀၁၀

Tuesday, June 8, 2010

ရွှေလက်များ သတင်း

အလုပ်ရုံဆွေးနွေးပွဲ

ကလေးဒေသရောက် ရှိုင်းဟုတ် ကုမဏီလီမိတက်၏ ကူညီပံ့ပိုးမှုဖြင့် ကလေးသူငယ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲငယ်များကို ကလေးဒေသ၊ ကလေးမြောက်ပိုင်း ကျေးရွာအုပ်စုများဆီသို့ အပတ်စဉ် ဆွေးနွေးပွဲတော် ပွဲဦးထွက်အဖြစ် ၂ဝ၁ဝ ဖေဖော်ဝါရီလ၁ရက်တွင် စာရေးဆရာများဖြစ်ကြသော ဆရာကိုဇော်(ကလေးမြို့)၊ ဇွဲဆုပန်(ဆားလင်းကြီး)နှင့် သူရ(ကလေး)တို့မှ ကျောင်းနေပျော်ရေး၊ ကလေးသူငယ်နှင့်ကြောက်စိတ် ခေါင်းစဉ်များဖြင့် ဟောပြော ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ စုံညီစွာတက်ရောက်ပြီး ရှိုင်းဟုတ်ကုမ္ပဏီမှ ကျေးရွာများ ကျောင်းဆောင်ဖြစ်မြောက်ရေး လမ်းပန်းဆက်သွယ်မှုနှင့် ကျောင်းသုံးပစ္စည်းများလည်း အဆက်မပြတ် ကူညီပံ့ပိုးလျက် ဘာသာရေးဆိုင်ရာ လှူဒါန်းမှုနှင့် ပွဲတော်များကိုပါ ကျင်းပလှူဒါန်းနိုင်ရေး ဆောင်ရွက်ပေးနေကြောင်း သိရသည်။


သန်းညို့
(ဈေးကွက်ဂျာနယ်မှ ကူးယူဖော်ပြပါသည်)

ရွှေလက်များ၏ ကဗျာပုံရိပ်များ

အချစ်က တစ်ဘာသာဖြစ်တယ်


ရင်ခုန်သံချင်း အရောင်းအ၀ယ်လုပ်ပုံက

သိုသိပ်တယ်

တချို့တလေက ယမ်းပုံမီးကျ

သူ့ရှေ့သစ်ရွက်လှုပ်ပြရင်ကို

ရိပ်မိနေသလိုမျိုး

သူ့ခံစားချက်သူထမ်း

တခမ်းတနားဖြစ်ဖြစ်

မနိုးမကြားဖြစ်ဖြစ်ရွေ့တယ်

တကယ်တော့

အချစ်ဆိုတာ

လက်ပိုက်ပြီးလေချွန်နေရသလောက်

ဇိမ်ရှိမယ်မထင်ဘူး

မှိုမတက်တဲ့ကိတ်မုန့် မြည်းနေရသလို

နာရီတွေမရိတွဲတဲ့တယောကို

လက်သံစမ်းနေရသလောက်

စိတ်အချဉ်ပေါက်ပေါက်နဲ့

လေထဲလက်သီးထိုးနေရသလောက်

ဒါပေမယ့်

ဘာပဲဖြစ်ဖြစ်

ဒေါသတွေ

အဆုပ်လိုက်အခိုင်လိုက် ပစ်ပေါက်လိုက်တဲ့အခါ

သူကချော့လာတတ်ပြန်ရော။


မိုဃ်းဇက်သော်
ပီးပဲလ်မဂဇင်း။ဒီဇင်ဘာ၊2009